ယောနသံ/People’s Spring
ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။
ရန်သူကို ချေမှုန်းပစ်မယ်လို့ အမြဲတစေကြွေးကြော်တတ်ပြီးအမြဲတမ်းနီးပါးလည်းစစ်ရှုံးလေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်အမည်မတပ်ဝံ့တဲ့ ပုန်းရှုံးကွယ်ရှိုးစစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။
၄ရက်၊၉လ၊၂၀၂၆ ခုနှစ်မှာ ကြည်း၊ရေ၊လေစုပေါင်းပြီး ရခိုင်ပြည်နယ်ကို စတင်ထိုးစစ်ဆင်တာမို့ ၄၉၂၆ စစ်ဆင်ရေးလို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက ပြောကြပါတယ်။ စစ်ဆင်ရေးအမည်ကိုအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မလည်ဆွဲဝတ် ဧကာဒသမမြောက်သမ္မတဘွဲ့ခံဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကရော သူ့ငယ်ကျွန် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ထုတ်မပြောကြပါဘူး။

Public Service Announcement
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး အကောင့်တွေကလူမှုကွန်ယက်တွေမှာ အာပေါင်အာရင်းသန်သန်ပြောကြတာကနေ ၄၉၂၆စစ်ဆင်ရေးဆိုပြီးအသံထွက်လာတာပါ။ ဒါဟာ၂၀၂၁ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေအနက် လူသိမခံဝံ့တဲ့ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးလို့ တော်လှန်ရေးရဲဘော်တွေနဲ့ လူထုတွေက လှောင်ပြောင်နေကြပါတယ်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး ကြွေးကြော်သံတွေနဲ့အတူမြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမြိုင်နေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတချို့မှာလည်း စစ်မက်ထူပြောခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်၊ အစ္စရေးနဲ့အီရန် စစ်ပွဲ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲတွေဟာ နည်းပညာခေတ်မှာ ပေါ်တင်စိန်ခေါ်ပြီး ချကြတဲ့ စစ်ပွဲတွေပါ။ ရခိုင်ပြည်နယ်ကို ဦးတည်တဲ့ ၄၉၂၆ ကတော့ လူသိမခံဝံ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။
“စစ်ဆင်ရေးအမည်ကိုတောင် ပုန်းရှိုးကွယ်ရှိုးလုပ်ပြီး တိုက်နေရတဲ့အဖြစ်။ ရှက်စရာမကောင်းဘူးလား။ မရယ်ရဘူးလား” လို့ လက်ရှ်ိ အညာမြေကစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ၄၉၂၆ အမည်ပေးစစ်ဆင်ရေးအပေါ်သူ့အမြင်ကို ပြောပါတယ်။
လုံးဝအထင်ကြီးစရာမရှိဘူးလို့လည်း သူက ဆိုပါတယ်။
၄၉၂၆က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက်ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။ စစ်အုပ်စုက လပေါင်းများစွာကြာအောင် နည်းမျိုးစုံနဲ့အင်အားဖြည့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေနဲ့ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ရခိုင်ပြည်
နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကိုအင်အားအများအပြားသုံး ထိုးစစ်ဆင်လာတာပါ။
ဒါကိုပဲ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်နေကြတာပါ။ သူတို့ ဝါဒဖြန့် ကြွေးကြော်နေတဲ့အထဲမှာ အမုန်းတရားတွေ၊ ကြိတ်မနိုင်ခဲမရခံစားချက်တွေ၊လက်စားချေလိုခြင်းတွေ၊ လူမျိုးရေးအထိကရုဏ်းဆီ ဥတည်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေဖုံးမနိုင် ဖိမရအောင်မြင်နေရပါတယ်။ စစ်အုပ်စုဘက်မှာဘာကြောင့် အခုလို ပုံပျက်ပန်းပျက်ဖြစ်နေပါသလဲ။
ဒီအဖြေအတွက် အာရက္ခတပ်တော်(AA) ရဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးအကြောင်း မျက်ခြေမပြတ်ဖို့လိုအပ်လာပါတယ်။
နိုင်ငံတကာစစ်ရေးနဲ့နိုင်ငံရေးသုံးသပ်ချက်တွေမှာသြဇာကြီးမားတဲ့ The Jamestown Foundationကပြီးခဲ့တဲ့ဇူလိုင်လမှာစာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA)ဟာ အာရှဒေသတွင်းအင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်လာပြီးမြန်မာနိုင်ငံမှာတိုက်ရည်ခိုက်ရည်အထိရောက်ဆုံးအဖွဲ့ဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ AAရဲ့ စစ်ရေး စွမ်းရည်ဟာ နိုင်ငံတကာကပါ အာရုံစိုက်ရတဲ့အထိ ထင်သာမြင်သာရှိခဲ့ပါတယ်။ AAက စစ်ကောင်စီကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ပါတယ်။
၄၉၂၆ လို မဟုတ်ဘဲ ကမ္ဘာသိကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၁၃လအတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းယူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီနှစ် နိုဝင်ဘာလ၁၃ရက်နေ့မှာ AAက စတင်ခဲ့တာပါ။
စစ်ဆင်းရေးစတင်ကြောင်း ကြေညာချက်နဲ့အတူ စစ်အုပ်စုအနေနဲ့ အချိန်မီလက်နက်ချကြဖို့နဲ့ လက်နက်မချရင် အမြစ်ဖြတ်တိုက်ခိုက်မယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာပါ။စစ်ဆင်ရေးအတွင်း မြို့တွေ သိမ်းတဲ့အပြင် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပါ သိမ်းယူခဲ့တာပါ။၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်တတပ်တန်းအရာရှိတွေ အများဆုံးသေတာ၊အဖမ်းခံရတာ ၊ဒူးထောက်အညံခဲရတာတွေက အာရက္ခစစ်သည်တော်တွေဆီမှာပဲဖြစ်ပါတယ်။ဗိုလ်မှူးချုပ်အဆင့်တွေတောင် AA ရှေ့ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့သိမ်းတိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ နပခကို သိမ်းယူတဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ AAကိုမယှဉ်ဖို့၊အသိတရားရပြီးလက်နက်ချဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံကတစ်ဆင့် တိုက်တွန်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ပြင်ပက တိုက်ပွဲဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာလည်း အမှတ်
(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူကလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလိုပဲ AAရဲ့ စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်းတပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး၊ တပ်မ(၁၁) တပ်မမှူးမင်းမင်းထွန်းနဲ့ ဗိုလ်မှူးကြီးသန်းစိုးဝင်း၊ ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ သေဆုံးခဲ့ပါတယ်။ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ၊ ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေမှာ AA ရဲ့ တရစပ်တိုက်ခိုက်မှုတွေနဲ့ စစ်ရေးဗျူဟာတွေကိုစစ်တပ်အသိုင်းအဝိုင်းတခုလုံး ကြောက်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။
ရခိုင်ပြည်နယ်ပြင်ပကတိုက်ပွဲတွေမှာလည်း AA ရဲ့ စစ်ရေးစွမ်းရည်ကို မဟာမိတ်တွေကိုယ်တိုင်လေးစားခဲ့ရပြီး စစ်အုပ်စုကို အကြောက်တရားကြီးစေခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်ထဲက၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုသိမ်းယူတဲ့တိုက်ပွဲမှာ လူသိထင်ရှားမဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာဖြစ်ရပ်တွေရှိခဲ့ပါတယ်။MNDAA နဲ့ TNLA ကတိုက်ခိုက်နေစဉ် မပြီးပြတ်သေးတဲ့အခြေအနေမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခိုက်တော့မှ သိမ်းယူနိုင်ခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာ အသေးစိတ်ဖော်ပြမထားပေမယ့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး စစ်တပ်ဗျူဟာကုန်းပေါ်မှာပထမဆုံးစိုက်ခဲ့တဲ့အလံက အာရက္ခတပ်တော်ရဲ့ အလံဖြစ်ပါတယ်။
AAဟာလက်ရှိအချိန်အထိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာခြေချတပ်စွဲထားပါတယ်။ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေမှာလည်း AA တပ်ဖွဲ့ဝင်တွေရဲ့ရဲစွမ်းသတ္တိကို မဟာမိတ်ရဲဘော်တွေကိုယ်တိုင် တခုတ်တရချီးကျူးကြပါတယ်။ အဲဒီလိုသတင်းမွှေးတဲ့AAအပေါ် စစ်အုပ်စုက အကြောက်လွန်ခဲ့ပြီး ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့ခံရသူတွေ ထွက်ပြေးတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။
စစ်အုပ်စုဘက်ကအခုအခါမှာ ၄၉၂၆စစ်ဆင်ရေးလို့အမည်တပ်ပြောနေပေမယ့် AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကစပြီး နည်းမျိုးစုံတိုက်ခိုက်နေခဲ့တာပါ။ ကြံ့ခိုင်ရေးပါတီဥက္ကဌဦးခင်ရီကို နောက်ကောက်ချပြီး ဧကာဒသမမြောက်သမ္မတဘွဲ့မခံခင်ဗိုလ်ချုပ်မှုးကြီးလက်ထက်ကလည်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က AA လက်ထဲကနေတစ်မြို့မှပြန်မယူနိုင်ခဲ့သလို ရုပ်သေးရုပ် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာလည်း ရခိုင်မြေကိုခြေချလို့တောင်မရခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်ရာထူးရအပြီး လအနည်းငယ်အကြာမှာကျောက်ဖြူမြို့တရုတ်စီမံကိန်းကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီးစစ်ဦးကျိုးပြီး ပြန်ဆုတ်ပြေးခဲ့ရပါတယ်။ အဲဒီတုန်းကလည်းစစ်ဆင်ရေးအမည်ကို ထုတ်ပြောခွင့် မသာခဲ့ပါဘူး။
အခုလည်း စစ်အုပ်စု ကြိတ်လုပ်နေတဲ့ ၄၉၂၆ စစ်ဆင်ရေးအတွက် တပ်တွေနေရာချတာမှာတောင် ရယ်စရာဖြစ် နေပါယ်။ ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်နေ့က ပုသိမ်-ချောင်းသာ လမ်းကနေ စစ်ကားအစီးရေ ၁၀၀ ကျော်အင်အားဖြည့်ပါတယ်။ အဲဒီထဲကတစ်ဝက်က သာပေါင်းကို သွားရမှာဖြစ်ပေမယ့်လမ်းမှားပြီး နောက်ကြောင်းပြန်လည့်သွားရပါတယ်။ မြို့ပေါ်ကလမ်းကိုတောင်မကျွမ်းချင်တဲ့ စစ်အုပ်စုက ရခိုင်ရိုးမထဲကို ဘယ်လိုဝင်မယ်မသိဘူးလို့ သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာလည်း စခန်းတွေသိမ်းနိုင်နေပြီလို့ လူမှုကွန်ရက်ပေါ်မှာအကြီးအကျယ်အောင်ပွဲခံပြပြီးဝါဒဖြန့်နေပါတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားကစခန်းတစ်ခုကို စစ်မှုထမ်းသင်တန်းဆင်း(ပစ)နှစ်ဦးက ဦးဆောင်ပြီး တိုက်ခိုက်သိမ်းယူခဲ့လို့ AA တွေ ထွက်ပြေးနေကြပြီလို့လည်းဆိုကြပါတယ်။ ဗိုလ်မှူးချုပ်တွေကိုဖမ်းပြီး ဒူးထောက်စေခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေက ပစနှစ်ယောက်ပစ်လို့ ထွက်ပြေးတယ်ဆိုတဲ့ လုပ်ဇာတ်နဲ့ အသက်သွင်းထားတဲ့ ၄၉၂၆ စစ်ဆင်ရေးဟာ ၄၉၂၆ စစ်ဆင်ရေးက တရားဝင် ကင်မွန်းမတပ်ရသေးခင် တပ်လန်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါပြီ။
စက်တင်ဘာ ၄ ရက်မှာစတယ်ဆိုပေမယ့် စက်တင်ဘာ၁၁ ရက်အထိ စခန်းတစ်ခုမှမသိမ်းနိုင်ပဲ ထိုးတဲ့စစ်ကြောင်းအများစုသေဆုံးဒဏ်ရာရသူများလို့ ပြန်ဆုတ်ခဲ့ရပြီလို့ရခိုင်ပြည်နယ်ကစစ်ရေးရင်းမြစ်တွေကပြောပါတယ် ။ စစ်တပ်စစ်ကြောင်းအများစုက ထိုးစစ်ကနေ အထိနာတာကြောင့် ခံစစ်ဖြစ်နေပြီး AAစခန်းတွေသိမ်းနိုင်ဖို့ထက် စစ်စခန်းတွေအသိမ်းမခံဖို့ ခုခံနေရတဲ့အဆင့်ရောက်နေပြီလို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက လူထုနွေဦးကိုပြောပါတယ်။
နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ အကယ်၍ ရလဒ်ကောင်းရင် ၄၉၂၆ စစ်ဆင်ရေးလို့ တရားဝင်ကြေငြာဖို့ အားခဲထားတဲ့ ဒီစစ်ဆင်ရေးဟာ မကြာခင် အသံတိတ်သွားမှာဖြစ်ပြီး စစ်တပ်ရဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထိန်းချုပ်ရေးမျှော်လင့်ချက်လည်း နောက်တကြိမ်ဦးကျိုးသွားပြီလို့ ဆိုပါတယ်။


















































