စက်တင်ဘာ -၁၂၊၂၀၂၆။မိုမို/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။
လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
“လက်ပံတန်းမြို့နယ်အရှေ့ခြမ်းကို ပစ်နေတာ။ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။ စစ်ဘေးရှောင်ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ”လို့ လက်ရှိ လက်ပံတန်းမြို့နယ်အခြေအနေကို အထက်ပါတာ၀န်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement
လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ စစ်တပ်အထိုင်စခန်းကလက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“စစ်ကြောင်းတွေ ဝင်ရောက်လာနိုင်ခြေလည်းရှိတယ်”လို့ သူက ပြောပါတယ်။
ဩဂုတ်တတိယပတ်က ထန်းပင်ချောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်လာတာလို့ အသိပေးပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေတာပါတယ်။
ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က တပ်စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။
လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။


















































