မဲခေါင် ရေးသားသည်။
အိန္ဒိယသည် မြန်မာနိုင်ငံမှ လေးလံသော မြေရှားသတ္တုများ(Heavy Rare Earth Elements) ရရှိရေးအတွက် နှစ်လမ်းသွား မဟာဗျူဟာကို ကျင့်သုံးနေပါတယ်။ တစ်ဖက်မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့မြန်မာစစ်အစိုးရနဲ့ သံတမန်ရေးအရ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး၊ တစ်ဖက်မှာလည်း ချီဖွေ-ပန်းဝါ မြေရှားသတ္တုတွင်းဒေသတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှတစ်ဆင့် မြေရှားသတ္တုတွေ ရရှိနိုင်ရေးကို စူးစမ်းနေပါတယ်။
ထို့ကြောင့် အိန္ဒိယ၏ လုပ်ဆောင်ချက်များဟာ မြန်မာ့မြေရှားသတ္တုရရှိရေးအတွက် ရေရှည် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတစ်ရပ်လား၊ ဒါမှမဟုတ် သံတမန်ရေးအရ အခင်းအကျင်းတစ်ခုသာ လားဆိုတာက ဆက်လက် စောင့်ကြည့်ရမယ့် အချက်တစ်ခု ဖြစ်လာပါတယ်။
ဒီအခြေအနေကို အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx)ကလေ့လာသုံးသပ်ထားပြီး၊ မြန်မာ့မြေရှားသတ္တုအရေးဟာ သတ္တုတူးဖော်ရေးကိစ္စတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တို့နဲ့ ဆက်စပ်နေတဲ့ ပြဿနာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
အဲဒီသုံးသပ်ချက်က မြန်မာ့မြေရှားသတ္တုအရေးကို နားလည်ဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။အပြင်ပန်းကြည့်ရင် မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်တဲ့ နိုင်ငံတစ်ခုလို့ မြင်ရပေမယ့် အဆိုပါ သယံဇာတတွေရှိတဲ့ နယ်မြေတွေကတော့ဆယ်စုနှစ်များစွာကြာပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံကကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်း၊ သံဖြူ၊ ရွှေနဲ့ မြေရှားသတ္တုတွေ ထွက်ရှိပါတယ်။ ဒီအထဲမှာ လေးလံသောမြေရှားသတ္တုများဆိုတာ မြေရှားသတ္တုအမျိုးအစားတွေထဲက ရှားပါးပြီး တန်ဖိုးမြင့်တဲ့ ကချင်ပြည်နယ် ချီဖွေ-ပန်းဝါ ဒေသမှာ အဓိကတွေ့ရှိရတဲ့ ဒစ်စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) တို့ဖြစ်ပါတယ်။
၎င်းတို့ဟာအဆင့်မြင့်သံလိုက်များ ထုတ်လုပ်ရာမှာအရေးပါပြီးသန့်ရှင်းသောစွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကားများ၊ လေစွမ်းအင်တာဘိုင်များ၊ ဒုံးကျည်စနစ်များ နဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ မဟာဗျူဟာမြောက် သယံဇာတတွေ ဖြစ်ပါတယ်။
မြန်မာ့ပဋိပက္ခဟာ သယံဇာတကြောင့်သာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် International Crisis Group ရဲ့ လေ့လာချက်အရ လက်ရှိအခြေအနေမှာတော့ သယံဇာတတွေကို ဘယ်သူ ထိန်းချုပ်ထားသလဲ ဆိုတာက လက်နက်ကိုင်အဖွဲ့တွေရဲ့ဘဏ္ဍာရေး၊ ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပြည်တွင်းစစ်ရဲ့ ဦးတည်ချက်အပေါ် ပိုမိုသက်ရောက်လာနေပါတယ်။
အထူးသဖြင့်ကချင်ပြည်နယ်ကမြေရှားသတ္တုဒေသတွေဟာ ကမ္ဘာ့အာရုံစိုက်မှုကို ရရှိလာနေပါတယ်။၂၀၂၆ ခုနှစ်အထိရရှိထားတဲ့အချက်အလက်တွေအရ KIA က ကချင်ပြည်နယ်အတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက် ၅၀၀ ကျော်ကို ထိန်းချုပ်ထားပြီး၊ REEx ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ကမ္ဘာပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုကထိန်းချုပ်ထားတဲ့ အကြီးဆုံး လေးလံသော မြေရှားသတ္တု ထွက်ရှိရာ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းက သယံဇာတကြွယ်ဝတဲ့ ဒေသတွေဟာ စစ်အုပ်စုအတွက် အရေးပါသည့် နေရာတွေဖြစ်ခဲ့တာကြောင့်၊ ကချင်ပြည်နယ်ဟာ စစ်တပ်ရဲ့ မဟာဗျူဟာမြောက် အာရုံစိုက်ခံရတဲ့ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ သယံဇာတအရင်းအမြစ်နဲ့ နယ်မြေထိန်းချုပ်မှုအတွက် ရည်ရွယ်တဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသတွင်းမှာ ဆယ်စုနှစ်များကြာ ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ပြီးယနေ့အချိန်အထိလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အဓိကစိန်ခေါ်မှုက လုံခြုံရေးကိစ္စကနေ စတင်ပြီး၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ သတ္တုသန့်စင်နိုင်မှုနဲ့ နောက်ဆုံး အရည်အသွေးမြင့် သံလိုက်များ ထုတ်လုပ်နိုင်မယ့် နည်းပညာစွမ်းရည်အထိ အဆင့်ဆင့် ဖြစ်ပါတယ်။ ဒီကွင်းဆက်ထဲကအဆင့်တစ်ခုခုပြတ်တောက်သွားရင် မြေရှားသတ္တုရဲ့ မဟာဗျူဟာတန်ဖိုးလည်း ကျဆင်းသွားနိုင်ပါတယ်။ဒါကြောင့်ပဲ ကချင်ဒေသကို လေးလံတဲ့ မြေရှားသတ္တုတွေအတွက် အရေးကြီးဆုံးစစ်မြေပြင်တစ်ခုအဖြစ် REEx ကသုံးသပ်ထားတာဖြစ်ပါတယ်။
သို့သော် မြေရှားသတ္တုအရင်းအမြစ်ရှိတဲ့ နယ်မြေကို ထိန်းချုပ်ထားနိုင်ခြင်းတစ်ခုတည်းနဲ့ ကမ္ဘာ့ဈေးကွက်မှာ အသာစီးရရှိနိုင်တာမဟုတ်ပါဘူး။ တကယ့်အရေးကြီးတဲ့ အဆင့်တွေကတော့ သတ္တုခွဲခြားခြင်း (Separation)၊ သန့်စင်ခြင်း (Refining) နဲ့ အရည်အသွေးမြင့် သံလိုက်များ ထုတ်လုပ်ခြင်း (Magnet-making) တို့ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုတွေဟာဒေသတွင်းမှာအချို့အဆင့်အထိသာ ခွဲထုတ်သန့်စင်ပြီး ရရှိနိုင်သော်လည်း၊ အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ နောက်ဆုံးအဆင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံကို ဆက်လက်ပို့ဆောင်နေရဆဲ ဖြစ်ပါတယ်။
အိန္ဒိယဟာ တရားဝင်လမ်းကြောင်းမှာတော့ စစ်အစိုးရနဲ့ ဆက်ဆံနေပါတယ်။ မင်းအောင်လှိုင်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ခရီးစဉ်အတွင်း အရေးပါသတ္တုနဲ့ မြေရှားသတ္တုကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း အတည်ပြုထားပြီး၊ အေပီ (AP) သတင်းမှာလည်း နယူးဒေလီရဲ့ မြန်မာအပေါ် ဆက်လက်ထိတွေ့မှုတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ အိန္ဒိယနည်းပညာအဖွဲ့တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာန၊ အိုင်အာရ်အီးအယ်လ် (IREL) နှင့် ဟိုက်ဒရာဘတ် အခြေစိုက်မစ်ဒ်ဝက်စ် အဆင့်မြင့်ပစ္စည်းများ ကုမ္ပဏီ (Midwest Advanced Materials) တို့ဟာ KIA မှတစ်ဆင့် သတ္တုနမူနာများကို ရယူပြီး စမ်းသပ်ဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့အဆိုပါ သတ္တုတွေထဲမှာ လေးလံသောမြေရှားသတ္တု ပါဝင်မှုအဆင့် ဘယ်လောက်ရှိသလဲ၊ အရည်အသွေးမြင့် သံလိုက်တွေထုတ်လုပ်နိုင်မလားဆိုတာ စစ်ဆေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအခြေအနေက အိန္ဒိယက မြန်မာ့တော်လှန်ရေးအဖွဲ့အားလုံးနဲ့ ဆက်ဆံနေတယ်လို့ ဆိုလိုတာမဟုတ်ဘဲ၊ လက်ရှိ မြေရှားသတ္တုထွက်ရှိရာ ဒေသတွေကို ထိန်းချုပ်ထားတဲ့ KIA နဲ့ သီးခြားဆက်သွယ်နေခြင်း ဖြစ်ပါတယ်။
Reuters ၏ ဖော်ပြချက်အရ အိန္ဒိယဘက်မှ KIA ထိန်းချုပ်နယ်မြေရှိ မြေရှားသတ္တုနမူနာများ ရယူရန် စိတ်ဝင်စားခဲ့ပြီး၊REEx ကလည်း အိန္ဒိယအတွက် အဓိကအခက်အခဲမှာ သတ္တုရိုင်း ရရှိရေးထက် ဒီသတ္တုကို သန့်စင်ခြင်းနဲ့ သံလိုက်ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
အိန္ဒိယ၏ရည်ရွယ်ချက်မှာတရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ထဲမှာ ကိုယ်ပိုင်ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖန်တီးဖို့ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံကို ပုံမှန်အချုပ်အခြာအာဏာပိုင် ပို့ကုန်နိုင်ငံတစ်ခုလို ကြည့်လို့ မရပါဘူး။ လက်ရှိ မြေရှားသတ္တုကွင်းဆက်မှာ အာဏာဗဟိုချက် သုံးခု ရှိနေပါတယ်။
စစ်အစိုးရက နိုင်ငံတကာဆိုင်ရာ တရားဝင်မှုရရှိနိုင်ဖို့ ကြိုးစားနေပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က မြေပြင်ကို ထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ သတ္တုသန့်စင်ခြင်းနဲ့ အောက်ခြေထုတ်လုပ်မှုကွင်းဆက်ကို အဓိက စိုးမိုးထားပါတယ်။
ဒီလို အာဏာဗဟိုချက် သုံးခုကြားမှာ KIA ရဲ့ အခန်းကဏ္ဍက အိန္ဒိယရဲ့ မြေရှားသတ္တုမဟာဗျူဟာကို နားလည်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။
KIA ဟာ ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ကချင်လူမျိုး တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေးများအတွက် ဆယ်စုနှစ်များစွာ လှုပ်ရှားလာခဲ့သော အဖွဲ့ဖြစ်ပါတယ်။
ဒါကြောင့် KIA ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ “သူပုန်အဖွဲ့” တစ်ခုအဖြစ်သာသတ်မှတ်လို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာဗဟိုအစိုးရနဲ့ နှစ်ပေါင်းများစွာကြာ ပဋိပက္ခဖြစ်ပွားလာခဲ့ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အတွက်သမိုင်းရှည်ကြာတိုက်ပွဲဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ မြန်မာ့စစ်ရေးအခင်းအကျင်းဟာပိုမိုပြောင်းလဲ လာခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ရက္ခိုင့်တပ်တော် (AA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နဲ့အတူ ပိုမိုကျယ်ပြန့်သော တော်လှန်ရေးအခင်းအကျင်းတွင် ပါဝင်နေပါတယ်။ အခု မြေရှားသတ္တုအရေးဟာ ဒီရှည်လျားတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ဆုံတွေ့လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် KIO/KIA ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့အတူရပ်တည်ပြီး စစ်တပ်ကို ခုခံတော်လှန်နေတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ် ။
ဒါကြောင့် ကချင်ပြည်နယ်က မြေရှားသတ္တုဒေသတွေကို နားလည်ဖို့ဆိုရင် သတ္တုတန်ဖိုး တစ်ခုတည်းကိုသာ ကြည့်လို့ မရပါဘူး။ ဒီဒေသတွေဟာ ကာလရှည်ကြာ ဖြစ်ပွားလာတဲ့ တိုင်းရင်းသားရေး၊ နယ်မြေထိန်းချုပ်မှုနဲ့ မြန်မာ့ပြည်တွင်းစစ်တို့ ဆုံတွေ့နေတဲ့ နေရာတွေ ဖြစ်ပါတယ်။
အထူးသဖြင့် အဓိက မြေရှားသတ္တုထုတ်လုပ်ရေး လုပ်ကွက်များရှိတဲ့ ပန်းဝါဒေသကို KIA က ထိန်းချုပ်နိုင်ခဲ့ခြင်းဟာ ဒေသတွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေတဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားရုံနဲ့ တိုင်းရင်းသား ဒေသခံပြည်သူတွေအတွက် အကျိုးဖြစ်လာမယ်လို့ မဆိုနိုင်ပါဘူး။သတ္တုတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ ဒေသခံပြည်သူတွေအပေါ် သက်ရောက်မှုတွေ၊ စစ်ပွဲအတွက် ဘဏ္ဍာရေးအရင်းအမြစ်ဖြစ်လာနိုင်မှုတွေကိုလည်းထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ကချင်က မြေရှားသတ္တုကို စိတ်ဝင်စားတဲ့ အိန္ဒိယအတွက်ကတော့ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ဆိုရင်၊ မြေရှားသတ္တုကို နောက်ဆုံးအဆင့်အထိ သန့်စင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများ ရှာဖွေခြင်းနှင့်အတူ၊ ဒီသယံဇာတရှိရာ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကို နားလည်ပြီး မြေပြင်ကို ထိန်းချုပ်ထားတဲ့ KIA နှင့် ရှိပြီးသား ဆက်ဆံရေးကို ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် တိုးမြှင့်နိုင်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကိုးကား – Rare Earth Exchanges (REEx), Reuters, AP, International Crisis Group


















































