Connect with us

Hi, what are you looking for?

ဆောင်းပါး

လင်းပိုင်တကောင်ရဲ့ ခရီး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

ဓါတ်ပုံ-AFP

ရှဉ့်ညို ရေးသားသည်။

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သူ့အတွက်တော့ ဒီနေ့ဟာ ထူးခြားတဲ့နေ့ မဟုတ်ပါဘူး။ရေစီးကြောင်းအတိုင်းသွားမယ်။ အစာရှာမယ်။ အုပ်စုနဲ့ ပြန်ဆုံမယ်။ ဒီရေကျလာရင် ရေစီးနဲ့အတူ နောက်တစ်နေရာကို ရွေ့မယ်။ ဒါဟာ သူ့အတွက် နေ့စဉ်နေ့တိုင်း ဒီအတိုင်းပါပဲ။

ဒါပေမယ့် လူသားတွေအတွက်တော့ သူဟာ ရှားပါးသတ္တဝါတစ်ကောင် ဖြစ်နေပါတယ်။ သုတေသနစာတမ်းထဲက ကိန်းဂဏန်းတခုပါ။ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်ထဲမှာ ကာကွယ်ရမယ့် မျိုးစိတ် တမျိုး။ သူ့ကို လူသားတို့က “ဧရာဝတီလင်းပိုင်” လို့ ခေါ်ကြပါတယ်။ သူကတော့ သူ့ကိုယ်သူ ဘာလို့ခေါ်ရမလဲဆိုတာ မသိပါဘူး။ သူသိတာက ရေစီးကြောင်းပါပဲ။ သူဟာ ဧရာဝတီမြစ်ထဲက ဒါမှမဟုတ် ကမ်းရိုးတန်းက အရိပ်တစင်း။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲမှာ သူ့လိုလင်းပိုင်တွေ ရှိနေကြပါတယ်။ သူတို့ဟာ ဧရာဝတီမြစ်ထဲမှာ ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ ၂၀၂၀ ခုနှစ်မှာ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ပိုင်းကို စနစ်တကျစစ်တမ်းကောက်ယူရာမှာ လင်းပိုင် ၇၉ ကောင်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာအရေးကြီးပါတယ်။ဒါပေမယ့်အဲဒီ ၇၉ ကောင်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ကျန်ရှိနေတဲ့ လင်းပိုင်အရေအတွက်တော့ မဟုတ်ပါဘူး။ မြစ်ပိုင်းတစ်ခုရဲ့ စစ်တမ်းအရေအတွက်သာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့တနင်္သာရီကမ်းရိုးတန်းတွေမှာလည်းသူတို့တွေ ရှိနေကြောင်း မှတ်တမ်းတွေ ရှိပါတယ်။

လူသားတွေကတော့ သူ့ကို နေရာအလိုက် ခွဲပြီးရေတွက်ကြတယ်။ ဧရာဝတီမြစ်ထဲက လင်းပိုင်၊မြစ်ဝကျွန်းပေါ်ကလင်းပိုင်၊ ကမ်းရိုးတန်းက လင်းပိုင်၊ ဒါပေမယ့် သူ့အတွက်တော့ မြစ်နဲ့ပင်လယ်ကြားမှာ လူသားတွေဆွဲထားတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ရေစီးကြောင်းက သူ့ကို သယ်ဆောင်သွားတဲ့အခါ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို သူ မသိဘူး။ ကမ်းရိုးတန်းရောက်တဲ့အခါ ဘယ်ပြည်နယ်ရဲ့ ရေပြင်လဲဆိုတာလည်း သူ မစဉ်းစားဘူး။ သူ့အတွက် အရေးကြီးတာက ရေထဲမှာ အစာရှိသလား၊ အသက်ရှူဖို့ နေရာရှိသလား၊အုပ်စုနဲ့အတူ လုံခြုံစွာ ရွေ့လျားနိုင်သလားဆိုတာပါပဲ။

သူဟာ မြစ်ကြောင်းတစ်လျှောက် ကူးခတ်သွားရင်း ရေပြင်ရဲ့ အပြောင်းအလဲတွေကို ဖြတ်သန်းတယ်။ ရေချိုနဲ့ ရေငန်ရောနှောလာတဲ့နေရာကို ရောက်တဲ့အခါ သူ့အတွက် အဲဒါဟာ နယ်နိမိတ်တစ်ခု မဟုတ်ပါဘူး။ ရေပြင်ရဲ့ အရသာပြောင်းလဲမှုတစ်ခုသာ ဖြစ်ပါတယ်။ ရေချိုနေ ဧရာဝတီလင်းပိုင် နဲ့ ကမ်းရိုးတန်းနေ တို့ဟာ မျိုးစိတ်နဲ့ပုံသဏ္ဍာန် အတူတူပါပဲ။ သူတို့မတူတာ အလေ့အထပါ။ ရေချိုလင်းပိုင်တွေက ရာသီအလိုက် မြစ်ကြောင်းတစ်လျှောက်ရွေ့လျားပြီးရေနည်းချိန်မှာ ရေနက်ကျင်းတွေကိုပြန်လာတတ်ကြတယ်။

ကမ်းရိုးတန်းနဲ့ မြစ်ဝနေလင်းပိုင်တွေကတော့ ဒီရေအတက်အကျ၊ ရေချိုရေငန်ရောနှောမှုနဲ့ အစာရရှိရာနေရာအလိုက် ရေတိမ်နဲ့ ရေနက်ကြား ရွေ့လျားကြတယ်။ တစ်မျိုးက ရာသီကိုလိုက်ပြီး နေရပ်ပြန်သူ၊ တစ်မျိုးက ဒီရေကိုလိုက်ပြီး နေရာပြောင်းသူတွေ။

သူ့နာမည်က ဧရာဝတီဆိုပေမယ့် ဧရာဝတီဟာ သူရှင်သန်ဖို့အတွက်လုံခြုံမှုနည်းခဲ့တယ်။ သူ့အတွက် အကောင်းဆုံးရေပြင်ဟာ ဧရာဝတီမဟုတ်ခဲ့ပါဘူး။ ဆွန်ဒါဘန်းစ် (Sundarbans) ရေကြောင်းတွေထဲမှာ ဧရာဝတီလင်းပိုင် ၄၅၁ ကောင်ခန့် ရှိခဲ့ကြောင်း ၂၀၀၂ ခုနှစ် စစ်တမ်း တခုက ခန့်မှန်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရေပြင်မှာလည်း ၂၀၀၄ ခုနှစ် စစ်တမ်းတခု က ၅,၃၈၃ ကောင်ခန့် တွေ့ရှိခဲ့ပါတယ်။ အဲဒီကိန်းဂဏန်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်မှာ လင်းပိုင် ၆,၀၀၀ ခန့်ရှိနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ရေစီးကြောင်းတွေ အနီးဆုံးနဲ့တဆက်တည်းရှိတဲ့ နေရာမှာ သူတို့တွေဟာ ဆွန်ဒါဘန်းစ်ရေပြင် နဲ့ ကမ်းရိုးတန်းရေပြင် တို့မှာ ဝင်ချည် ထွက်ချည် အစုန် အဆန် ကူးခတ်နေလေကြသလား။ အသွားအပြန် ရောယှက် နေလေကြသေးသလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ကိန်းဂဏန်းတွေအရ ကမ္ဘာပေါ်မှာ သူတို့ အများဆုံးရှိတဲ့နေရာဟာ ဘင်္ဂလားဒေ့ခ်ျရဲ့ ရေပြင်ပါပဲ။

ဒါပေမယ့် ၄၅၁ ဆိုတဲ့ ကိန်းဂဏန်းဟာ အခုလက်ရှိအရေအတွက်လို့ ပြောလို့ရတာတော့မဟုတ်ပါဘူး။နှစ် ၂၀ ကျော်ကြာသွားခဲ့ပါပြီ။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် လင်းပိုင် မြေပုံတွေမှာ အဲဒီ အရင်က စစ်တမ်းရလဒ်တွေကိုသာ ဆက်လက်ကိုးကားထားပြီး ဆွန်ဒါဘန်းစ် ရေကြောင်းအတွင်း လက်ရှိ အရေအတွက် ကို ပြန်လည်တွက်ချက်ထားတဲ့ စနစ်တကျ စစ်တမ်းအသစ်ကိုမတွေ့ရသေးပါဘူး။ဒါကြောင့် ၄၅၁ ကောင်ဟာ လက်ရှိအခြေအနေကို ပြသနိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့အများဆုံး ရှိခဲ့တဲ့နေရာဟာ အဲဒီမှာပါဘဲ။ ကမ္ဘောဒီးယားရဲ့ မဲခေါင်မြစ်၊ အင်ဒိုနီးရှားရဲ့ မဟာကမ်မြစ်၊ အိန္ဒိယရဲ့ ချီလိကာရေကန်၊ ထိုင်းနိုင်ငံရဲ့ ဆုံခလာရေကန်နဲ့ ဖိလစ်ပိုင်ကမ်းရိုးတန်း တို့မဟုတ်ပဲ ဆွန်ဒါဘန်းစ် နဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသာပါ။

ဧရာဝတီမြစ်ဟာ မြောက်ဖက်ကနေ တောင်ဖက်ကို စီးဆင်းလာပြီး မြစ်ဟာ မြစ်ဝကျွန်းပေါ်အဖြစ် ဖြန့်ကျက်သွားပါတယ်။ ရေချိုဟာ ရေငန်နဲ့ တွေ့ဆုံပြီ။ အဲဒီမှာ မြေကြီးဟာ ရွှံ့ပြင်။ ရေပြင်နဲ့ မြေပြင်ဟာ ဒီရေအတက်အကျအလိုက် တလှည့်စီ အပြန်အလှန်နေရာယူကြပါတယ်။မနက်ခင်းမှာ ရေတက်လာတဲ့အခါ မနေ့က ရွှံ့ပြင်ဖြစ်နေတဲ့နေရာဟာ ရေပြင်ဖြစ်လာတယ်။ညနေမှာ ရေကျသွားတဲ့အခါ မနက်က ရေပြင်ဖြစ်နေတဲ့နေရာဟာ ရွှံ့ပြင်ဖြစ်လာတယ်။

သူဟာ အဲဒီပြောင်းလဲနေတဲ့ ရေပြင်ထဲမှာ ကူးခတ်နေတယ်။ ရေတက်လာတဲ့အခါ ရေတိမ်ဘက်ကို ဝင်လာနိုင်တယ်။ရေကျသွားတဲ့အခါ ရေနက်ဘက်ကို ပြန်ရွေ့တယ်။သူ့အတွက်တော့ အဲဒီ အပြောင်းအလဲတွေဟာ ရေပြင်ရဲ့ နေ့စဉ်အသက်ရှင်မှုပါပဲ။

ဒီနေရာမှာ လမုတောတွေဟာ မြစ်နဲ့ပင်လယ်ကြားကအကာအကွယ်တစ်ခုလိုရှိနေတာ‌ပေါ့။ လမုတောရဲ့ အမြစ်တွေက မြေကို ထိန်းထားပေးပါတယ်။ ငါးနဲ့ပုစွန်တွေအတွက် ခိုလှုံရာနေရာ။ ပြီးတော့ ကမ်းရိုးတန်းကို ဒီရေနဲ့ လှိုင်းဒဏ်ကနေလည်း အတန်အသင့် ကာကွယ်ပေးတဲ့‌တော။ လင်းပိုင်အတွက်တော့ လမုတောဟာ သစ်ပင်အစုအဝေးတစ်ခု မဟုတ်ပါဘူး။ သူဟာ ရေထဲက အစာကို ရှာဖို့ ငုပ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ လမုတောရဲ့အမြစ်တွေကြားမှာ ရွေ့လျားနေတယ်။ အဲဒီအမြစ်တွေဟာ သူ့အတွက် သစ်ပင်တွေရဲ့ အမြစ်တွေ မဟုတ်ပါဘူး။ သူ့အစာတွေ ရှင်သန်နေတဲ့ ရေပြင်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ လမုတောပျက်သွားတဲ့အခါ သစ်ပင်တွေ ပျောက်သွားတာတင် မဟုတ်ပါဘူး။ ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေ၊ ငှက်တွေ၊ လင်းပိုင်တွေနဲ့ လူသားတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေပါ တစ်ဆက်တည်း ထိခိုက်နိုင်ပါတယ်။

လင်းပိုင်တစ်ကောင်ကို ကာကွယ်ဖို့ဆိုတာ လင်းပိုင်ကိုပဲ ကြည့်နေလို့ မရပါဘူး။ သူရှင်သန်နေတဲ့ ရေကို ကြည့်ရပါမယ်။ ရေကို ထိန်းထားပေးတဲ့ လမုတောကို ကြည့်ရပါမယ်။ လမုတောကို ထိန်းသိမ်းပေးနေတဲ့ ဒီရေစနစ်ကို ကြည့်ရပါမယ်။ သူဟာ အဲဒီရေစနစ်ထဲမှာပဲ အသက်ရှင်နေတယ်။ ရေပြင်ကျန်းမာနေသရွေ့ သူ့အတွက် အစာရှာဖို့ နေရာတွေ ရှိနေမယ်။ ရေစီးကြောင်းတွေ လွတ်လပ်နေသရွေ့ သူဟာ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားနိုင်မယ်။

ဆွန်ဒါဘန်းစ်ဆိုတာ ဘင်္ဂလားပင်လယ်အော်ရဲ့ ခံတွင်းဝမှာ တည်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး မြစ်ဝကျွန်းပေါ်နဲ့ ကမ္ဘာ့အကြီးဆုံး ဆက်စပ်လမုတောကြီးဖြစ်ပါတယ်။ ဆွန်ဒါဘန်းစ်ရဲ့ ၆၀ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ် ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက အိန္ဒိယပါ။ အဲဒီနေရာမှာ ဂင်္ဂါ၊ ဗြဟ္မပုတ္တရနှင့်မက်ခနာမြစ်တို့ရဲ့ ရေစီးကြောင်းတွေက ဒီရေတက်ဒီရေကျတွေနဲ့ ပေါင်းစပ်ပြီး ကျွန်းတွေ၊ ချောင်းမြောင်းတွေ နဲ့ ရွှံ့ပြင်တွေ ကို နေ့စဉ် ပြန်လည်ပုံဖော်ပေးကြတယ်။ သူဟာ အဲဒီရေစီးကြောင်းတွေ ကြားမှာ ကူးခတ်သွားတယ်။ ရေစီးက တစ်နေရာကို သယ်သွားတဲ့အခါ သူဟာ အဲဒီနေရာမှာ ခဏတာ ရှိနေတယ်။နောက်တစ်ကြိမ် ဒီရေပြောင်းတဲ့အခါ ရေစီးနဲ့အတူ ပြန်ရွေ့တယ်။ သူ့အတွက် ဆွန်ဒါဘန်းစ်ဟာ အမြဲတမ်းတည်ရှိနေမယ့်သစ်တောကြီးတစ်ခု မဟုတ်ပါဘူး။ ရေစီးကြောင်းတွေနဲ့အတူ အမြဲပြောင်းလဲနေတဲ့ ရေပြင်တစ်ခုပါ။

ဆွန်ဒါဘန်းစ် ဟာ သစ်တောတစ်ခုတည်းသာ မဟုတ်။ မြစ်တွေ၊ ချောင်းတွေ၊ ဒီရေတောတွေ၊ ရွှံ့ပြင်တွေ၊ ကျွန်းတွေ၊ ကမ်းရိုးတန်းရေပြင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသက်ရှင်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။ဒီနေရာကကျွန်းတွေဟာ လူသားတွေထင်သလို အမြဲတမ်းတည်ရှိနေမယ့် မရွေ့လျှားနိုင်တဲ့မြေကြီးတွေ မဟုတ်ပါဘူး။ ဒီရေက ကျွန်းတွေကို တည်ဆောက်နိုင်သလို ပြန်လည်စားသုံးနိုင်ပါတယ်။

ရေစီးကြောင်းပြောင်းလဲရင် ကျွန်းတစ်ကျွန်းရဲ့ ပုံစံလည်း ပြောင်းလဲနိုင်ပါတယ်။ ဆွန်ဒါဘန်းစ် ကိုရောက်လာတဲ့အခါလင်းပိုင်ဟာ ကျွန်းတွေကြားက ရေကြောင်းတွေအတိုင်း ရွေ့လျားနေတာပဲ‌ပေါ့။

ဆွန်ဒါဘန်းစ်မှာ လူသားတွေက ကျွန်းပေါ်မှာ အိမ်ဆောက်ကြတယ်။ ငါးဖမ်းကြတယ်။ ပျားရည် ရှာကြတယ်။ သစ်တောထဲကနေ အသက်မွေးဝမ်းကျောင်း ရှာဖွေကြပါတယ်။ သူတို့အတွက် ကျွန်းဟာ အိမ်။ လင်းပိုင်အတွက်တော့ ကျွန်းဟာ ရေစီးကြောင်းကို ခွဲပေးတဲ့ မြေတစ်စင်း၊ အစာရှာရာ ရေပြင်တစ်ခု၊ ခဏတာဖြတ်သန်းသွားရတဲ့ နေရာတစ်ခု။ လူသားက အိမ်လို့ ခေါ်တဲ့နေရာကို သဘာဝကတော့ အမြဲပြောင်းလဲနေတဲ့ စနစ်တစ်ခုလို့သာ သိပါတယ်။ လူသားတွေက ကျွန်းပေါ်မှာ အိမ်ဆောက်နေကြတဲ့အချိန်မှာ သူကတော့ အဲဒီကျွန်းရဲ့ တစ်ဖက်ခြမ်းက ရေပြင်ထဲမှာ အစာရှာနေ တတ်တယ်။ လူသားတွေက အဲဒီရေပြင်ကို ငါးဖမ်းဖို့ သွားကြတဲ့အခါ သူဟာ သူတို့ရဲ့ လှေတွေ အောက်က ရေထဲမှာ ကူးခတ်နေတတ်တယ်။တစ်နေရာတည်းမှာ ရေပြင်ကို မျှဝေနေကြပေမယ့် သူတို့ရဲ့ ခရီးတွေက မတူကြပါဘူး။

နောက်တခု က ဆွန်ဒါဘန်းကို ပြောလိုက်တိုင်း လူတွေရဲ့စိတ်ထဲ ပထမဆုံးပေါ်လာတတ်တဲ့ပုံရိပ်ကတော့လမုတောထဲက တော်ဝင်ဘင်္ဂလားကျားပဲ ဖြစ်ပါတယ်။ လူသားတွေက ကျားကို ကြောက်ကြပါတယ်။ ကျားဟာ သစ်တောရဲ့ အာဏာရှင်တစ်ကောင်လို ထင်ရတယ်။ ဒါပေမယ့် လင်းပိုင်ရဲ့ ရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင် ကျားနဲ့သူဟာ မတူညီတဲ့ သတ္တဝါတွေ ဖြစ်ပေမယ့် တူညီတဲ့အရာတစ်ခုကို မှီခိုနေကြတာပါ။

ကျားအတွက် သားကောင်လိုအပ်ပါတယ်။ သားကောင်အတွက် သစ်တောလိုအပ်ပါတယ်။ သစ်တောအတွက် ရေ၊ ရွှံ့၊ ဒီရေနဲ့ ကျွန်းတွေလိုအပ်ပါတယ်။ လင်းပိုင်အတွက်လည်း ရေထဲက အစာလိုအပ်ပါတယ်။ အစာအတွက် ရေပြင်ကျန်းမာဖို့လိုပါတယ်။

ရေပြင်ကျန်းမာဖို့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းစနစ်တွေ ထိန်းသိမ်းထားဖို့လိုပါတယ်။ကျားနဲ့သူဟာ တစ်နေရာတည်းမှာ အတူမနေ ကြ‌ပေမယ့် သူတို့ရဲ့ အသက်ရှင်ရေးဟာ တူညီတဲ့ သဘာဝစနစ်တစ်ခုအပေါ်မှာ မျှဝေမှီခိုနေကြတာပါ။

သူ .. လင်းပိုင်က ဘွန်ဘီဘီ ကို မသိပါဘူး။ ဆွန်ဒါဘန်းတောထဲကို ဝင်ပြီး လူတွေက ပျားရည် ရှာကြတယ်။ ပျားရည်ရှာတာက သူတို့အတွက် အဓိကအသက်မွေးဝမ်းကြောင်းတခု။ တောထဲမှာက ကျားရှိတယ်။ ပြီးတော့ ဆွန်ဒါဘန်းစ်က တော်ဝင်ဘင်္ဂလားကျားက လူသားကို စားတယ်။ တောထဲမှာ ကျားကိုက်မခံရဖို့ သူတို့အတွက် ယုံကြည် ကိုးကွယ်ရာက ဘွန်ဘီဘီ။ ဟိန္ဒူကိုးကွယ်သူရော အစ္စလာမ် ကိုးကွယ်သူရော ယုံကြည်အားကိုးရာ တော‌စောင့်နတ်သမီး ။ ပြီးတော့ ဘွန်ဘီဘီဟာ ယုံကြည်မှု တစ်ခုလည်းထက် ပိုပါသေးတယ်။ သစ်တောထဲမှာ အသက်ရှင်ဖို့ လိုအပ်တဲ့ သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ လူသားတွေ သစ်တောထဲကို ဝင်ခွင့်ရှိတယ်။ ဒါပေမယ့် သစ်တောကို အနိုင်ယူပိုင်ခွင့် မရှိဘူး။ အစာရှာလို့ရတယ်။

ဒါပေမယ့်အလွန်အကျွံယူလို့မရဘူး။သစ်တောကို အသုံးချလို့ရတယ်။ ဒါပေမယ့် သစ်တောရဲ့ စည်းမျဉ်းကို ဖျက်ဆီးလို့မရဘူး။ လူသားတွေဟာ တောရိုင်းကမ္ဘာကို ပိုင်ဆိုင်သူများမဟုတ်ဘဲခဏတာဝင်ရောက်လာကြတဲ့ ဧည့်သည်များသာဖြစ်ကြောင်း သတိပေးနေတဲ့ အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါတယ်။

ဒီလိုယုံကြည်မှုတွေဟာ ခေတ်သစ်သိပ္ပံနည်းကျ ကာကွယ်စောင့်ရှောက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူသားနဲ့ သဘာဝကြားမှာ အကန့်အသတ်တစ်ခု ရှိရမယ်ဆိုတဲ့ အတွေးကိုတော့ ထိန်းသိမ်း ပေးနေပါတယ်။ လင်းပိုင်က ဘွန်ဘီဘီအကြောင်း မသိပေမယ့် ဘွန်ဘီဘီရဲ့ ပုံပြင်ထဲမှာ ပါဝင်နေတဲ့ သစ်တောစည်းမျဉ်းကို သူ့ဘဝက နေ့စဉ်ပြသနေတာပါပဲ။

မြန်မာနိုင်ငံက ဧရာဝတီမြစ်၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းရေပြင်တွေဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ကမ်းရိုးတန်းရေပြင်တွေက ဆွန်ဒါဘန်းစ် ရေကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ပြီးတော့ ရေစီးကြောင်းတွေအားလုံးဟာ တဆက်တည်း။ ဒီနေရာတွေဟာ နိုင်ငံရေးမြေပုံပေါ်မှာ ခွဲခြားထားကြပေမယ့် ရေစီးကြောင်း၊ ဒီရေ၊ ငါးအုပ်စုနဲ့ သဘာဝအပြောင်းအလဲတွေကတော့ အဲဒီနယ်နိမိတ်တွေကို လိုက်နာဖို့ မသိကြပါဘူး။

လင်းပိုင်တကောင်ဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သလား၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရှင်သန်နေသလား။ သူဟာ ဘယ်ကနေ ဘယ်အထိ ကူးခတ်သွားနိုင်ပါသလဲ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က သူတို့တွေဟာ ဇီဝဗေဒအရ အရေအတွက် တဆက်တည်းတစ်ခုတည်း ဖြစ်တယ်လို့တော့ လက်ရှိအထောက်အထားနဲ့ မပြောနိုင်သေးပါဘူး။ ဒါကိုသိနိုင်ဖို့ တစ်ကောင်ချင်းစီရဲ့ ရွေ့လျားမှုနဲ့ မျိုးရိုးဗီဇဆက်နွယ်မှုကို သီးခြား လေ့လာဖို့ လိုအပ်နေပါ‌သေး တယ်။

ဒါပေမယ့် ဂေဟဗေဒဆိုင်ရာ အဆင့်မှာတော့ မြစ်၊မြစ်ဝကျွန်းပေါ်၊ ဒီရေတော၊ ကမ်းရိုးတန်းနဲ့ ပင်လယ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ လင်းပိုင်ရဲ့ ခရီးက အဲဒီဆက်စပ်မှုကို လူသားတွေထက် ပိုကောင်းကောင်း ပြသနေပါတယ်။သူတို့တွေ ဘယ်လောက် အသက်ရှင် ကျန်သေးသလဲ။ ဘယ်လောက်မျိုးဆက်ပြောင်းသွားပြီလဲ။ ဘယ်လောက်ကမ်းရိုးတန်းဘက်ကို ရွေ့သွားကြပြီလဲ။

ဘယ်လောက်က အစာရှားပါးမှု၊ ငါးဖမ်းပိုက်နဲ့ လူသားတွေရဲ့ လှုပ်ရှားမှုကြားမှာ ပျောက်ဆုံးသွားပြီလဲ။ ဒါတွေကို သိနိုင်ဖို့ ကိန်းဂဏန်းအသစ်လိုအပ်ပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းအသစ် ရဖို့အတွက် သူတို့ ရှင်သန်နေတဲ့ ရေပြင်ကို အရင်ထိန်းသိမ်းထားဖို့လိုပါတယ်။ သူ့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မရှိပါဘူး။သူ့အတွက်ကတော့ ရေပြင်ကျန်းမာဖို့ကပဲ ပိုအရေးကြီးပါတယ်။

လင်းပိုင်တစ်ကောင် ရေပြင်ပေါ်ကို ခေါင်းပေါ်လာတဲ့အခါ တကောင်၊ နှစ်ကောင်၊ အုပ်စုတစု၊ စစ်တမ်းတခု၊ အစီရင်ခံစာတစောင်၊ နောက်ဆုံးမှာ သူ့ကို ကိန်းဂဏန်းတစ်ခုအဖြစ် မှတ်တမ်း တင်ကြတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကိန်းဂဏန်းတွေ လိုအပ်ပါတယ်။ ဘယ်လောက် ကျန်သလဲဆိုတာ မသိရင် ဘယ်လောက်အရေးပေါ် ကာကွယ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။

ဒါပေမယ့် လင်းပိုင်ကို ကိန်းဂဏန်းတစ်ခုတည်းအဖြစ်ပဲ မြင်လိုက်ပြီး သူ့ဘဝရဲ့ အခြားအရာတွေ ပျောက်ကွယ်သွားလို့မဖြစ်ပါဘူး။ သူရှင်သန်နေတဲ့ မြစ်၊ သူဖြတ်သန်းနေတဲ့ ဒီရေ၊ သူ့အစာကို ထောက်ပံ့ပေးနေတဲ့ ငါးအုပ်စု၊ သူ့အတွက် အကာအကွယ်ပေးနေတဲ့ လမုတော၊ သူနဲ့အတူ ရေပြင်ကို မျှဝေနေတဲ့ လူသားတွေ၊ သူ့အပေါ်မှာ တည်ရှိနေတဲ့ ကျားနဲ့ သစ်တော၊ သူ့ခရီးကို အမြဲပြောင်းလဲ နေစေတဲ့ ကျွန်းတွေ။ အဲဒီအရာတွေအားလုံးဟာသူ့ဘဝရဲ့ အစိတ်အပိုင်းတခုစီပါပဲ။

ဒါကြောင့် လင်းပိုင်တွေ ဘယ်လောက်ကျန်သေးသလဲဆိုတာ အပြင် သူတို့ရှင်သန်နိုင်မယ့် မြစ်နဲ့ပင်လယ် ဘယ်လောက်ကျန်သေးသလဲ၊ သူတို့အတွက် ရေစီးကြောင်း ဘယ်လောက် လွတ်လပ်သေးသလဲ၊ သူတို့အတွက် လူသားတွေ ဘယ်လောက်အထိ နေရာဖယ်ပေးနိုင်သေးသလဲ ဆိုတာတွေပါမှာသာ သူတို့ ဘဝအပြည့်အစုံပါ။

သူဟာ ဒီရေတက်လာတဲ့အခါ ရေထဲမှာ ပြန်ပေါ်လာပါတယ်။ ခဏလောက် အသက်ရှူတယ်။ ပြီးတော့ ပြန်ငုပ်သွားတယ်။ သူ့နောက်မှာတော့ ရေပြင်တစ်စင်းပဲ ကျန်ခဲ့ပါတယ်။ အဲဒီရေပြင်ထဲမှာ မြစ်လည်း ပါပါတယ်။ ပင်လယ်လည်း ပါပါတယ်။ လမုတောလည်း ပါပါတယ်။ ကျွန်းတွေလည်း ပါပါတယ်။ ကျားရဲ့ သစ်တောလည်း ပါပါတယ်။ ဘွန်ဘီဘီရဲ့ ပုံပြင်လည်း ပါပါတယ်။ ပြီးတော့ လူသားတွေရဲ့ အနာဂတ်လည်း ပါပါတယ်။

သူဟာ ရေစီးကြောင်းနောက်ကို လိုက်ကူးသွားတယ်။ သူ့ခရီးဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ ဆိုတာ လူသားတွေ မသိနိုင်သေးပါဘူး။ ဒါပေမယ့် သူခရီး ဆက်သွားနိုင်ဖို့အတွက် လိုအပ်တာက ကျန်းမာတဲ့ ရေပြင်တစ်ခုပါပဲ။ လင်းပိုင်ကို ကယ်တင်ခြင်းဟာ လင်းပိုင်တစ်ကောင်ကိုသာ ကယ်တင်ခြင်းတင် မဟုတ်ပါဘူး။ သူ့ခရီးကို ဆက်သွားနိုင်အောင် ရေစီးကြောင်းတစ်ခုလုံးကို ကယ်တင်ခြင်း ဖြစ်ပါတယ်။ ။

ကိုးကား –
UNESCO World Heritage Centre — The Sundarbans
UNESCO: Sundarbans National Park
IWC Irrawaddy Dolphin
IUCN Mekong River Irrawaddy Dolphins
Frontiers in Marine Science — Seasonal Distribution of Irrawaddy Dolphins

ဆက်စပ်သတင်းများ

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

စစ်ကိုင်း၊ မင်းကွန်းကို ဧရာဝတီမြစ်ရေကြောင်းကနေသွားခဲ့ရင်ကျွန်းပေါ်ရွာကလေးတစ်ရွာကို မြင်ဖူးကြလိမ့်မယ်။ရွာကလေးက အမည်ကလေး လှပါတယ်။ နန်းတော်ကျွန်းတဲ့။ မတ္တရာမြို့နယ်ထဲပါတဲ့၊ အင်မတန်လှတဲ့ ရွာကလေးပါ။