Connect with us

Hi, what are you looking for?

ဆောင်းပါး

၂၀၂၁ မှသည် ၂၀၂၂ ဆီသို့ ( အပိုင်း ၂)

အင်္ဂလိပ်လို ဒီဇင်ဘာ ၂၂၊ မြန်မာလို ဒီဇင်ဘာ ၂၃ ရက်နေ့က တင်ပြခဲဲ့တဲ့ ပထမပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီးပြောကြရင် အာဏာသိမ်းပွဲတို့၊ အာဏာသိမ်းမှုအလွန်တို့ ဆိုတဲ့ ဘာသာစကားတွေ မသုံးကြပါနဲ့တော့။ ကြုံနေရတာက စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးကျော်ရန်ပြုတဲ့ စစ်ပွဲပါလို့ပြောခဲ့တယ်။ အဲဒီစစ်ပွဲမှာ စစ်အာဏာရှင်တွေနိုင်မနေဘူး။

စစ်ကောင်စီရှုံးအောင် လုပ်ရမဲ့ အလုပ်တွေ။

—အီဂေါဗလာဇီဗစ်

မြန်မာပြည် ဘယ်အခြေအနေ ရောက်နေလဲ ဘယ်ဆက်သွားကြမလဲဆိုတာကို အပိုင်း ၂ အနေနဲ့ဆက်ရေးပါမယ်။ အင်္ဂလိပ်လို ဒီဇင်ဘာ ၂၂၊ မြန်မာလို ဒီဇင်ဘာ ၂၃ ရက်နေ့က တင်ပြခဲဲ့တဲ့ ပထမပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီးပြောကြရင် အာဏာသိမ်းပွဲတို့၊ အာဏာသိမ်းမှုအလွန်တို့ ဆိုတဲ့ ဘာသာစကားတွေ မသုံးကြပါနဲ့တော့။ ကြုံနေရတာက စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးကျော်ရန်ပြုတဲ့ စစ်ပွဲပါလို့ပြောခဲ့တယ်။ အဲဒီစစ်ပွဲမှာ စစ်အာဏာရှင်တွေနိုင်မနေဘူး။ မကြာခင်ကာလတခုမှာ နိုင်စရာလမ်းလဲမရှိဘူး။ ဒါပေမဲ့ သူတို့ရှုံးလဲမနေဘူးလို့ပြောခဲ့တယ်။ စစ်အာဏာရှင်ဟာ “ ခံတပ်ဗျူဟာ” ကိုသုံးပြီး ပြည်သူတွေ ပျက်ပြုန်းပြိုလဲလက်ပန်းကျစေမဲ့ စစ်ကိုဆင်နွဲနေတယ်။အသက်သွေးချွေး ဘယ်လောက်ပဲရင်းရ ရင်းရ အားလုံးထက်ပိုကြာကြာ ခံနိုင်ရင် နိုင်မှာပဲလို့ မျော်လင့်နေပါတယ်။ဒီနေရာမှာတော့ မြန်မာစစ်အာဏာရှင်တွေဟာ ဆီးရီးယားက အာဆတ်နဲ့ အတော်တူပါတယ်။ အာဏာမြဲဖို့ဆိုရင် စီးပွါးရေးလဲ ဘုန်းဘုန်းလဲပါစေ။အချုပ်အခြာလည်း ဆုံးရှုံးပါစေ။ တိုင်းပြည် အပျက်ခံဖို့လည်း အဆင်သင့်ပါဆိုတဲ့လူစားမျိုးတွေပါ။

၂၀၂၁ အခြေအနေတွေနဲ့ ၂၀၂၂ ကို မျှော်ကြည့်တဲ့ ဆောင်းပါးအပိုင်း (၁)မှာ အရေးကြီးတဲ့မဟာဗျူဟာ မေးခွန်းတခုကို အဓိကထားပြောခဲ့ပါတယ်။ အဲဒါကတော့ ချိန်ခွင်လျာ ကိုယ့်ဘက်သာစေမဲ့၊ အခြေအနေပြောင်းစေမဲ့ ( game- changers) အလုပ်တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုအနေအထားမျိုးတွေက လူထုတိုက်ပွဲဘက်ကို ပိုအားသာစေပြီး စစ်အာဏာရှင်ဘက်ကို ယုတ်လျော့စေမလဲ။ ဒီမေးခွန်းအတွက် တွေးမိတာတချို့ကို ဖေါ်ပြလိုက်ပါတယ်။ ဒီမှာလဲ အခြေအနေမှန်ကို သူ့အတိုင်းပဲကြည့်ပါတယ်။ ဖွဲ့နွဲ့တင်ပြတာမျိုးနဲ့ စိတ်ကူးယဉ်အတွေးမျိုးတွေကိုရှောင်ရှားပါတယ်။

Public Service Announcement

Public Service Announcement

၄- ရေနံနဲ့ သဘာဝဓါတ်ငွေ့ဝင်ငွေကို ဖြတ်နိုင်ဖို့လိုတယ်။

အရင်တပတ်ပြောခဲ့သလို တဘက်သတ်အသားစီးရထားတဲ့ စစ်အင်အားအပြင် စစ်အာဏာရှင်တွေအနေနဲ့ လက်မလွှတ်တမ်း ထိန်းထားနိုင်ဖို့လိုတဲ့ အဓိကကျတဲ့ ဝင်ငွေလမ်းအချို့ရှိပါတယ်။ အဲဒီအထဲမှာမှ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဝင်ငွေက အဓိကပါ။ ဒါကိုသာ ရအောင်ဖြတ်တောက်နိုင်ရင် ကိုယ့်ဘက်ကို အလေးသာစေမဲ့ အနိုင်ဂိုးလို့ ပြောလို့ရပါတယ်။

မလွယ်ကူပေမဲ့ ဖြစ်နိုင်တဲ့ကိစ္စပါ။ စူးစူးစိုက်စိုက်နဲ့ သေချာပစ်မှတ်ထားလုပ်တဲ့ လှုပ်ရှားမှုလိုပါတယ်။ နိုင်ငံတကာက တွန်းအားပေးအဖွဲ့တွေ၊ ပြည်ပရောက်မြန်မာတွေ၊ NUG နဲ့ကွန်ယက်တွေရဲ့ ပြည်တွင်းစုဖွဲ့ လှုပ်ရှားမှုတွေလိုပါတယ်။ လှုပ်ရှားမှုဟာ အရပ်ဆယ်မျက်နှာကို ပြန့်ကျဲနေတာမျိုးမဖြစ်သင့်ပါဘူး။ တကြိမ်မှာ ပစ်မှတ်တခုရည်မှန်းချက်တခုချင်းစီနဲ့ မတူတဲ့ပစ်မှတ်တွေကို အချိန်နဲ့အမျှ ဦးတည်ဖို့လိုပါမယ်။

၅- စစ်ကောင်စီဘက်က မဖြစ်ချင်တဲ့အရာ၊ ရှောင်ရှားချင်တဲ့ အခြေအနေတွေ။

လတ်တလောမှာ စစ်အာဏာရှင်တွေဟာ စီမံအုပ်ချုပ်ရေး လုပ်ချင်မနေဘူး။ သူတို့ဟာ စစ်တိုက်ပြီး စိုးမိုးဖို့ လုပ်တဲ့စပါတန်စစ်သည်အုပ်ချုပ်ရေးလူတန်းစားလိုပဲ။ စစ်တိုက်ပေးမဲ့ တပ်နဲ့ ဝင်ငွေလမ်းကြီးကြီး အနည်းအပါးရှိရင်ရပြီ။ပြည်သူတွေ ပြုန်းတီးကုန်ခန်း အားလျော့သွားအောင် လုပ်နေရတဲ့ လက်ရှိစစ်ပွဲမှာ စစ်တပ်နဲ့ ဝင်ငွေ ဒီနှစ်ခုကိုပဲ သူတို့လိုတာ။ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး ပြိုပျက်တာကို သူတို့ဂရုမစိုက်ဘူး။

ကိုဗစ်ကာကွယ်ဆေးပေးပါ့မယ်၊ လူသားချင်းစာနာတဲ့ အကူအညီပေးပါ့မယ်၊ စီးပွါးရေး ထူထောင်ပေးပါ့မယ်ဆိုတာမျိုးတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်အောင်၊ ညှိနှိုင်းလာအောင် မက်လုံးပေးတာမျိုးတွေဟာ လုံးလုံးလမ်းလွဲတဲ့ အကဲဖြတ်ချက်တွေပဲ။ ပိုဆိုးတာက စစ်အာဏာရှင်အောင်မြင်ဖို့ မရိုးမသား ပံ့ပိုးတာတွေကို အဲဒီအကူအညီတွေဘန်းပြပြီး လိမ်ညာလှည့်စားဖို့ကြိုးစားကြတာပဲ။

တဘက်မှာတော့ စစ်အာဏာရှင်တွေဟာ လွတ်မြောက်နယ်မြေတွေ ဖြစ်တည်ကျယ်ပြန့်လာမဲ့ အရေးကို အတော်ထိတ်လန့်ပါတယ်။ လူထုရဲ့ခုခံဆန့်ကျင်မှုက လွတ်မြောက်နယ်မြေတွေကိုအခြေပြုလာမှာ၊ အဲဒီနေရာတွေမှာအုပ်ချုပ်ရေးတည်ဆောက်လာမှာ၊ လက်နက်ရိက္ခာထုတ်လုပ်လာမှာကို ကြောက်ပါတယ်။ စစ်အာဏာရှင်တွေနယ်မြေဆုံးရှုံးလာတာ၊ လွတ်မြောက်နယ်မြေပိုကျယ်ပြန့်လာတာဟာ ဖြစ်နိုင်ချေရှိတဲ့ ချိန်ခွင်လျာအပြောင်းအလဲတွေထဲက တခုဖြစ်ပါတယ်။ အခုလို တဘက်သတ်စစ်အင်အား အခြေအနေမှာ နယ်မြေရဖို့၊ ရပြီးရင်တောင် ထိန်းထားဖို့ အလွန်ခက်တာလည်း မှန်ပါတယ်။

၆။ ဘက်ပေါင်းစုံကို ဆွဲဆန့်နေရတာကြောင့် ပြိုကျမဲ့ အနေအထားထိ စစ်တပ်ရောက်လာဖို့ လိုမယ်။

စစ်တပ်အနေနဲ့ မဖြစ်ချင်တာက ရှေ့တန်းစစ်မျက်နှာတွေ အများကြီးဖွင့်ပြီး ရှိသမျှအင်အားကို ဆန့်ထုတ်ရမဲ့အခြေအနေမျိုးပါ။ အဲဒီလိုဖြစ်လာရင်တော့ တကယ့်ကို အပြောင်းအလဲ အခြေအနေပါ။

ဒါ့ကြောင့်လဲ စစ်တပ်ရဲ့ အရေးကြီးဆုံးအလုပ်က အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအားလုံး စုစည်းညီညွတ်မသွားနိုင်အောင် တာဆီးဖို့ နှောက်ယှက်ဖို့ ဖြိုဖျက်ဖို့ပါ။ စစ်တပ်က အခုဆင်နွဲနေတဲ့ အကြမ်းဖက်စစ်ပွဲ အောင်မြင်နိုင်ဖို့ တခုတည်းသောလမ်းပဲ ရှိပါတယ်။ အဲဒါက အာဏာရှင်ဆန့်ကျင်ခုခံရေး အင်အားစုတွေ စုစည်းညီညွတ်သွားတာမျိုးမဖြစ်အောင် တားဆီးထားနိုင်ဖို့ပါ။

ဒါကြောင့်ပဲ မကြာခင်က ပေါ်ပေါ်ထင်ထင်ဖြစ်လာတဲ့ “ညှိနှိုင်းဆွေးနွေးရေး ပွဲစား” တွေဟာ စေတနာ မှန်စေအုံးတော့ လူထုလှုပ်ရှားမှုကို အကျိုးမပေးပါဘူး။ စကားပြောကြဖို့ ( ညှိနှိုင်းကြဖို့)ဖြစ်နိုင်ချေရှိပါတယ်ဆိုတဲ့ စိတ်ကူးယဉ်အမြင်မှားဟာ စစ်အာဏာရှင်တွေအပေါ် ဖိအားလျော့စေတဲ့ တလွဲဇာတ်ကြောင်း ( false narrative) ကိုပဲဖန်တီးပါတယ်။

ညှိနှိုင်းကြ စကားပြောကြဖို့ဟာ ရှောင်လွှဲလို့လဲမရ၊ လိုလည်းလိုအပ်ပါလိမ့်မယ်။ လူထုရဲ့
ခုခံရေးလှုပ်ရှားမှုဟာ စစ်တပ်လက်နက်ချတဲ့ အထိတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေလည်းရှိ လိုလည်းလိုအပ်တာက မင်းအောင်လှိုင်နဲ့ သူ့ရဲ့အာဏာရှင်တသိုက် အရေးနိမ့် အရှုံးပေးတဲ့ အနေအထားထိ ရောက်ဖို့ပါ။ ဒီအချိန်မျိုးမှာ ညှိနှိုင်းဖို့ ဖြစ်နိုင်ပါတယ်လို့ ပြောနေကြတာက မအလရဲ့ လူထုလက်ပန်းကျ အညံ့ခံရေးစစ်ပွဲအချိန်ပိုရအောင် လုပ်ပေးသလိုဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ လတွေမှာ ညှိနှိုင်းဖို့ အဆိုပြုတဲ့ “တတိယလမ်း” သမားတွေ လှုပ်လှုပ်ရှားရှား တွန်းတွန်းတိုက်တိုက်ပြောနေကြတာကို တွေ့ပါတယ်။ အထူးသဖြင့် နိုင်ငံတကာစင်မြင့်မှာ စကစ အရှုံးပေါ်ပြီးနောက်မှာပါ။ သူတို့လုပ်နေတာတွေ အန္တရာယ်ကြီးတယ်လို့မြင်ပါတယ်။ သူတို့ဟာ NUG/NUCC လုပ်ငန်းစဉ်ကနေပြီး လူမျိုးစု အင်အားစုတွေကိုဆွဲထုတ်နေကြတာပါ။ ခုခံရေးအင်အားစုရဲ့ မဟာမိတ်တည်ဆောက်ရေး အရှိန်အဟုန်ပျက်အောင် လုပ်နေတာပါ။မဟာမိတ် တည်ဆောက်ရေးဟာ သူ့အတိုင်းမှာကို ခက်ခဲနက်ရှိုင်းလှပါတယ်။ ဒါကြောင့် မဟာမိတ် မဖွဲ့နိုင်အောင်လုပ်တာတွေကို ခိုင်ခိုင်မာမာ တုန့်ပြန်ဖို့လိုပါမယ်။

၇။ နိုင်ငံတကာစင်မြင့်မှာ အရေးကြီးတဲ့ အောင်မြင်မှုတွေရခဲ့ပေမဲ့ လုံလောက်တဲ့ အနေအထား မဟုတ်သေးပါ။

လွန်ခဲ့တဲ့ ၃လတာကာလကို ကြည့်ရင် နိုင်ငံတကာပွဲတွေမှာ စကစ အနေနဲ့ သိသိသာသာ အရှုံးပေါ်ခဲ့ပါတယ်။ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းဆက်ရှိနေတယ်။ အရေးကြီးတဲ့ အာဆီယံပွဲ ၃ ခုလောက်ကို ဖိတ်ကြားမခံခဲ့ရဘူး။သူ့ရဲ့တရားဝင်မှုကို စစ်တပ်ထိပ်ပိုင်းထဲအထိ ကိုင်လှုပ်ခဲ့တာကြောင့် ဒါဟာ မအလကို အတော်အခက်တွေ့စေခဲ့ပါတယ်။

သို့သော်လည်း နိုင်ငံတကာမှာ စကစ အရှုံးပေါ်တာဟာ NUG တရားဝင် အသိအမှတ်ပြုခံရတယ်ဆိုတဲ့ အမြတ်နဲ့ တွဲလာတာမဟုတ်ရင် အပြောင်းအလဲ မဟုတ်သေးပါဘူး။ တရားဝင် အသိအမှတ်ပြုခံရရေးဆိုတဲ့ ပြိုင်ပွဲမှာ ကိုယ့်ဘက်က လိုအပ်တဲ့ အနေအထားထိ ရှေ့ရောက်မနေပါဘူး။

ပြဿနာက အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဟာ စစ်တပ်ကို အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုတွေမလုပ်အောင်သွန်သင်တည့်မတ်လို့ ရမယ်၊ စစ်တပ်ကဦးဆောင်တဲ့ “ လမ်းပြမြေပုံ အမှတ် ၂” လိုမျိုးနဲ့ အောင်မြင်နိုင်မယ် ဆိုတဲ့ဘက်ကနေ အလောင်းအစားလုပ်နေကြတာပါ။ ရန်ကုန်အခြေစိုက် သံတမန်တွေကြားမှာ ရေပန်းစားတဲ့ အယူအဆက “ စစ်တပ်က ဒီတိုင်းပြည်မှာ အကြီးဆုံး အားအကောင်းဆုံးအဖွဲ့ပဲ။ စစ်တပ်မပါပဲ မြန်မာပြည် အနာဂတ်ကို ပြောလို့ဘယ်ရမလဲ။ စစ်တပ်ဟာ အဖြေရဲ့ အစိတ်အပိုင်းဖြစ်ရမှာပေါ့” ဆိုတာပါ။ ဒီစကားကို စစ်တပ်ရဲ့ ဝါဒဖြန့်သမားတွေဆီကသာမက ရန်ကုန်က အနောက်တိုင်းသံတမန်တွေ၊ INGO သမားတွေဆီကပါ ကြားရပါတယ်။

“စစ်တပ်ကို ရှောင်လွဲမရ” ဆိုတဲ့ ဒီအယူအဆရဲ့ ပြဿနာက စစ်အာဏာရှင် နဲ့ စစ်တပ်ကို တန်းတူသတ်မှတ်တဲ့ ကိစ္စပါ။ စစ်တပ်ကို ပြုပြင်ပြောင်းလဲမှရမယ်။ သို့သော် စစ်အာဏာရှင်တွေကို ငြင်းပယ် အရေးနိမ့်အောင် လုပ်ပြီးမှစစ်တပ်ကို ပြောင်းလဲလို့ရမှာပါ။ ဒီလိုမှ မဟုတ်ရင် မြန်မာစစ်တပ်ဟာ ပုံမှန်နိုင်ငံတွေမှာ နားလည်လက်ခံပေးတဲ့စစ်တပ်ရဲ့နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ စစ်အာဏာရှင်အောက်မှာတော့ စစ်တပ်ဟာ မာဖီးယားဂိုဏ်းလိုဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီအကျိုးစီးပွါးတစုလေးကိုသာ ကာကွယ်ပေးတဲ့ အနိုင်ကျင့်စစ်တပ် ဂျီနိုဆိုက်စစ်တပ်ပဲဖြစ်နေပါလိမ့်မယ်။ အဲဒီမာဖီးယားတစုဟာ တိုင်းပြည်မှာ ရှိသမျှဓနဥစ္စာကို သိမ်းယူထားလိမ့်မယ်။

မအလ စစ်အာဏာရှင်လူစုအောက်မှာ “ ဒီမိုကရေစီလမ်းပြမြေပုံ” ဘယ်လိုမှ ဖြစ်စရာမရှိဘူး။စစ်+စီးပွါးကိုယ်ကျိုးရှာ လူတစုဟာ ကင်ဆာလို ရသမျှနေရာကို ချဲ့ထွင်အမြစ်တွယ်ပြီး တိုင်းပြည်ကိုဝါးမြိုသွားတာမျိုးပဲ ဖြစ်လာစရာရှိတယ်။

ဆက်ရန်…

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ