စက်တင်ဘာ ၁၄၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ မြ၀တီဘဏ်နဲ့ မျက်နှာချင်းဆိုင်ဗလီ၀င်းအတွင်း ဒေသအခေါ် ရွှေတိုက်ဝင်းအတွင်းက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေတွေပါသွားခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
“ဓါးပြတိုက်ခံရတဲ့ ဝင်းနားက မြဝတီဘဏ်မှာလည်း စစ်တပ်အစောင့်ဂိတ်ရှိတယ်။ ၂၆ လမ်းနဲ့ လမ်း ၈၀ ထောင့်မှာလည်း ကင်းရှိတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။
ဓားပြတိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်သားတွေနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့ဘဲ ရွှေဆိုင်တွေ၊ ဘဏ်တွေကအစ မကြာခဏ ဓါးပြတိုက်ခံနေရကြောင်း မြို့ခံတွေဆီက သိရပါတယ်။


















































