စက်တင်ဘာ-၁၅၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။
ကံပေါက်ရွာကို ဒီနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်မှာ Gyrocopter ၃ စီးနဲ့ ဗုံးကြဲချတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ပုလဲတောင်ပိုင်း ကံပေါက်ကို ကြဲတာ။ မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတယ်။ ဒေသခံတွေ ထိတယ်။ သေဆုံးတာတွေ ရှိတယ်တဲ့။ အခု ကျမတို့တွေ ပုန်းကျင်းထဲက မထွက်ရဲသေးဘူး”လို့ ကံပေါက်ရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်ပါတယ်။ စစ်တပ်က မြို့ပေါ်မှာ တပ်စွဲထားပြီး ကျေးရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ လာပြီးဗုံးကြဲတာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကို အသေးစ်ိတ်မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့ကိုလည်း လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပါတယ်။
စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

















































