Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ အမေရိကန် သဘောတူ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

ဆော်ဒီလေတပ်ရဲ့ အမေရိကန်လုပ် F-15 တိုက်လေယာဉ် တစ်စီးကို ယီမင်လေပိုင်နက်ထဲမှာ ပစ်ချခဲ့ကြောင်း အီရန်မဟာမိတ် ဟိုသီပြောက်ကျားအဖွဲ့က ကြေညာတဲ့ နေ့မှာပဲ အမေရိကန်က မျိုးဆက်နဲ့ နည်းပညာပိုင်းအရ အဆင့်အမြင့်ဆုံးဖြစ်တဲ့ F-35တွေ ဆော်ဒီဆီ ရောင်းချပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက F-35 စုစုပေါင်း ၄၈ စီးကို ဒေါ်လာ ၂၄.၃ ဘီလီယံနဲ့ ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက ချမ်းသာကြွယ်ဝတဲ့ အာရပ်နိုင်ငံကြီးဟာ မဟာမိတ် အမေရိကန်ဆီက နောက်ထပ် အကြီးစား လက်နက်ဝယ်ယူမှု အစီအမံ တစ်ခုလည်း ဖြစ်လာပါတယ်။

ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်တွေဟာ ရန်သူ့ရေဒါတွေနဲ့ ခြေရာခံ ထောက်လှမ်းမှုကို ရှောင်တိမ်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ၊ ရန်သူကို အဝေးကနေ လက်ဦးမှုယူ တိုက်ခိုက်နိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကျော်ပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီဟာ F-35တွေ ဝယ်ယူခွင့်ရရေးအတွက် ကာလရှည်ကြာ ကြိုးစားနေခဲ့ပေမယ့် ဒေသတွင်းက အမေရိကန်ရဲ့ တခြားမဟာမိတ် နိုင်ငံဖြစ်တဲ့ အစ္စရေးက အပြင်းအထန် ကန့်ကွက်နေခဲ့ပါတယ်။ အမေရိကန်ဟာ အစ္စရေးကို အာရပ်နိုင်ငံတွေထက် စစ်ရေးနည်းပညာ အမြဲတမ်း အသာစီး ရနေအောင် ကူညီပေးဖို့ ကတိခံထားပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းမှာလည်း အစ္စရေး တစ်နိုင်ငံတည်းကိုပဲ F-35တွေ ရောင်းချပေးခဲ့တာပါ။

ဆော်ဒီနဲ့ အရောင်းအဝယ်ကိစ္စ စတင်ဆွေးနွေးနေတုန်းမှာ အမေရိကန် အရာရှိတွေက ဆော်ဒီ လက်ခံရရှိမယ့် F-35တွေဟာ အစ္စရေးက ပိုင်ဆိုင်ထားတဲ့ လေယာဉ်တွေထက် နည်းပညာပိုင်း လျှော့ချထားမှု၊ ကန့်သတ်မှုတွေ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က အရောင်းအဝယ် သဘောတူညီမှုကို အတည်ပြုလိုက်တဲ့ အချိန်မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက F-35တွေဟာ ဆော်ဒီ လက်ရှိမှာရော၊ အနာဂတ်မှာပါ ကြုံနေရ၊ ကြုံလာရမယ့် ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်စွမ်း ရှိလာမှာ ဖြစ်သလို ပိုင်နက်နယ်မြေ လုံခြုံရေးကိုလည်း အားဖြည့်ပေးမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အမေရိကန်နဲ့ ပူးပေါင်း စစ်ဆင်မှု စွမ်းရည်လည်း မြင့်တက်လာမှာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဆော်ဒီဆီ တိုက်လေယာဉ်တွေ ရောင်းချရေး သဘောတူညီမှုကို လွှတ်တော်ဆီ တရားဝင် တင်ပြထားပြီး လွှတ်တော် အမတ်တွေက မဲပေး အတည်ပြုပေးရမှာပါ။ အမေရိကန် အနေနဲ့ Lockheed Martinထုတ် တိုက်လေယာဉ် ၄၈ စီးကို ဘယ်လောက် အချိန်ကာလအတွင်း ဆော်ဒီဆီ ပေးပို့သွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

F-35တွေမှာ အဓိက မျိုးကွဲသုံးခုရှိပြီး ဆော်ဒီ ဝယ်ယူမှာကတော့ လေတပ်အတွက် သမားရိုးကျ ပြေးလမ်းအရှည် လိုအပ်ပြီး လက်နက်ခဲယမ်းတွေ ပိုမိုသယ်ဆောင်နိုင်စွမ်းရှိတဲ့ F-35Aတွေ ဖြစ်ပါတယ်။ F-35Bနဲ့ F-35Cတွေကတော့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက်နိုင်အောင် မွမ်းမံထားပြီး ပြေးလမ်းအတိုသာ လိုအပ်တာမျိုး၊ ထောင်လိုက် အတက်အဆင်း လုပ်နိုင်တာမျိုး စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပါတယ်။

ဆော်ဒီဟာ အာရပ်နိုင်ငံတွေထဲမှာတော့ F-35တွေ ဝယ်ယူနိုင်မယ့် ပထမဆုံး နိုင်ငံလည်း ဖြစ်လာမှာပါ။ လက်ရှိ အချိန်ထိတော့ အမေရိကန်ဟာ အဲဒီလေယာဉ်တွေကို အင်မတန် နီးကပ်တဲ့ မဟာမိတ် နိုင်ငံတွေဆီကိုသာ ရောင်းချပေးထားပါတယ်။ ပြီးတော့ နည်းပညာ ပေါက်ကြားမှု မရှိအောင်လည်း အထူးတလည် ထိန်းသိမ်းထားပါတယ်။ တူရကီဟာ အစောပိုင်းတုန်းက F-35တွေ ဝယ်ယူခွင့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ရုရှားဆီက လေကြောင်းကာကွယ်ရေး စနစ်တစ်ခုကိုပါ ဝယ်ယူခဲ့တဲ့နောက် နည်းပညာ ပေါက်ကြားမှာစိုးလို့ အမေရိကန်ဟာ F-35 စီမံကိန်း မိတ်ဖက်နိုင်ငံတွေထဲကနေ တူရကီကို ဖယ်ထုတ်ခဲ့ဖူးပါတယ်။

တစ်ဖက်မှာတော့ F-35တွေ ဆော်ဒီဆီကို ရောင်းချခြင်းကနေ နည်းပညာပိုင်း လျှို့ဝှက်ချက်တွေ ပေါက်ကြားနိုင်ခြေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အမေရိကန် ထောက်လှမ်းရေးဟာ တရုတ်အနေနဲ့ ဆော်ဒီအစိုးရနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်မှုတွေကို အခွင့်ကောင်းယူပြီး F-35 နည်းပညာကို ရယူဖို့ ကြိုးစားလာမှာကို စိတ်ပူနေကြောင်း အခုသီတင်းပတ်ထဲမှာ New York Times သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေ ထဲမှာလည်း F-35တွေကို ဆော်ဒီဆီ ရောင်းချမယ့် ကိစ္စအပေါ် ကန့်ကွက်သူတွေ ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ စက်တင်ဘာ လဆန်းတုန်းကလည်း ပေါက်ကွဲအား ပြင်းထန်တဲ့ ပေါင် ၂၀၀၀ ဗုံးတွေ အပါအဝင် စုစုပေါင်း ဗုံးအရေအတွက် ၁၀၀၀၀ ကျော်ကို ဆော်ဒီဆီ ဒေါ်လာ ၅ ဘီလီယံနဲ့ ရောင်းချပေးဖို့ သဘောတူခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။