စက်တင်ဘာ-၂၁၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။
လာမယ့် သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ရှေ့မျက်နှာဖွင့် ၅ ပေအကျယ် စျေးဆိုင်ခန်းတစ်ခန်းကို ပြီးခဲ့တဲ့နှစ်က ကျပ် ၃သိန်းခွဲသာ ပေးသွင်းခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကျပ် ၁၀ သိန်းနှုန်းနဲ့ ပေးသွင်းရမှာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။
ကျောက်တော်ကြီးဘုရားပွဲစျေးမှာ ဆိုင်ခန်းခကောက်ခံခွင့်ကို ဂေါပကအဖွဲ့ထံကနေ လေလံအောင်သွားသူက ကျပ်သိန်း ၇,၅၀၀ နဲ့ လေလံအောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လေလံကြေးမြင့်တဲ့အတွက် ဆိုင်ခန်းခတွေပါ မြင့်တက်လာတာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။

Public Service Announcement
“ဂေါပကလူကြီးတွေက ငွေမျက်နှာတခုပဲ ကြည့်တော့ ကန်ထရိုက်ပေးတာ။ ကန်ထရိုက်ကလည်း သူအမြတ်ရအောင်ဈေးတင်တာ။ ဈေးသည်တွေက ချေးငှါးပေါင်နှံပြီး ရင်းရတဲ့ ငွေကြေးနဲ့ ရင်တမမနဲ့ပွဲထွက်ရတာ”လို့ စျေးသည်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တပို့တွဲလမှာ ပြုလုပ်မယ့် မဟာမုနိဘုရားကြီးပွဲက ဆိုင်ခန်းခကောက်ခံခွင့်ကလည်း လေလံကြေး သိန်း ၃,၄၀၀နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။
ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။



















































