စက်တင်ဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခု စက်တင်ဘာအတွင်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းတပ်သားသစ်အဖြစ် ပေါ်တာဆွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မောင်ကျော်မင်းဦး(၂၁)နှစ်နဲ့ မောင်ကျော်မင်းခန့် (၂၄)နှစ်ကို ကယ်တင်နိုင်ခဲ့သလို ခလရ(၂၆၂)တပ်ရင်းကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်း တပ်သား မောင်ဇော်ကိုကို ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ခလရ(၂၆၂)တပ်ရင်းဟာ ကော့သောင်းမြို့အခြေစိုက်ထားပါတယ်။
မောင်ဇော်ကိုကိုဟာ စစ်မှုထမ်းအပတ်စဉ်(၂၀)ဆင်းဖြစ်ပြီး စစ်တပ်က ရှေ့တန်းမှာ မူးယစ်ဆေးသုံးခိုင်းကြောင်းနဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်မှုတွေပြုလုပ်ခဲ့တာတွေ မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ၎င်းရဲ့ အစ်မနဲ့ညီဖြစ်သူကိုလည်း သူလျိုအဖြစ်စွပ်စွဲပြီး စစ်တပ်က သတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။

Public Service Announcement
” ဆေးတွေကျွေးပြီးတော့ ပြည်သူတွေကိုဓားပြတွေလိုပဲတိုက်ခိုင်းတယ်။ အဲ့လိုမလုပ်ပြန်ရင်လည်း ကျတော်တို့ကို ထိပ်တုံးခပ်တယ်။ ရိုက်တယ်”လို့ မောင်ဇော်ကိုကိုက ပြောပါတယ်။
ကယ်တင်ထားတဲ့ ၃ဦးစလုံးကို လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ထားပြီး မောင်ဇော်ကိုကိုကတော့ ၎င်း၏ ဆန္ဒအရ တော်လှန်ရေးရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုတာကြောင့် သက်ဆိုင်ရာ မြို့နယ်ပကဖတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်အတွင်းကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းလူငယ်တွေအနေနဲ့ ဓားပြဂိုဏ်းအဆင့်သာရှိတဲ့ စစ်တပ်ထံကနေ ပြည်သူလူထုဘက်သို့ အမြန်ဆုံးဘက်ပြောင်းခိုလှုံဖို့လည်း ကော့သောင်းမြို့နယ်ပကဖ က တိုက်တွန်းထားပါတယ်။
ဘက်ပြောင်းခိုလှုံစဉ် လက်နက် ခဲယမ်းယူဆောင်လာပါက သတ်မှတ်ဆုကြေးငွေ ထိုက်တန်စွာချီးမြှင့်သွားမယ်လို့ အသိပေးထားပါတယ်။



















































