Connect with us

Hi, what are you looking for?

သတင်း

မင်းပြား၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ

လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ

(ပြီးခဲ့တဲ့မတ်လ၈ ရက်နေ့ကအမ်းမြို့နယ်ရှိ အကျဉ်းစခန်းကိုစစ်တပ်ကဗုံးကြဲတာကြောင့် ဒဏ်ရာရခဲ့တဲ့စစ်သုံ့ပန်း​တွေ။ ဓါတ်ပုံ - AA Info Desk )

စက်တင်ဘာ-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းနဲ့ ကျောက်ဖြူ မြို့နယ်အတွင်းက မင်းကြောင်းချောင်းတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့် ထိခိုက်၊သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ၂၇ရက်မနက်အစောပိုင်းအချိန်မှာမင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်ကွက်နဲ့ အနီးဝန်းကျင် တောင်တန်းတွေကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး တဆယ်ဝန်းကျင်ကြဲခဲ့တာဖြစ်ပြီး စျေးဟောင်းပိုင်းရပ် ကွက်မှ သက်ကြီးအမျိုးသားတဦးဒဏ်ရာရခဲ့ပါတယ်။

“၁၂ နာရီကျော်ပြီ။ တချို့အိပ်နေကြပြီ။ အဲဒီအချိန်မှာ လာကြဲတာ။ အိမ်တချို့ပျက်သွားတယ်။ဦးလေး တယောက်လည်း ဒဏ်ရာရတယ်”လို့မင်းပြားမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ အမ်းမြို့နယ် ဒလက်ချောင်းရှိ အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းကိုလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ “အထိအခိုက်တွေ ရှိတယ်ကြားတယ်။ အဲဒီမှာ စစ်တပ်က သုံ့ပန်း တွေလည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ အမ်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ကအထိနာပြီးတပ်ပြန်ဆုတ်ရတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်ဖြူ – ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတားနဲ့ အနီးဝန်းကျင်တွေကိုလည်းစက်တင်ဘာလ ၂၆ ရက်နေ့ညမှာ ဗုံးကြဲခဲ့ပြီး အဲ ဒီဗုံးကြဲမှုကြောင့် မင်းကြောင်းချောင်းတံတား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“တောင်မော်ဦးဘက်က ရှေ့တိုးလို့မရတဲ့အခါ ရေကြောင်းကနေ ကမ်းတက်ဖို့ကြိုးစားနေတာ။အရင်ကလည်းနှစ်ကြိမ်၊သုံးကြိမ်ရှိပြီ ဒီတံတားကို ဗုံးကြဲတာ”လို့ ရမ်းဗြဲဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာစက်တင်ဘာ၂၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်းတခုလုံးလည်း ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ၂၅ ရက်မနက်အစောပိုင်းကလည်း စသ်တပ်ကကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်းလေကြောင်းကဗုံးကြဲတာ၊လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြောင်း မိုင်းဆွဲခဲ့ရပြီးနောက် တဲကြီးရွာကို မီးဝင်ရှို့

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။