Connect with us

Hi, what are you looking for?

ဆောင်းပါး

Human Rights Watch အစီရင်ခံစာက ပြောတဲ့ မြန်မာ့အကျဥ်းထောင်ငရဲခန်းထဲမှ အကျဉ်းသူများ (အပိုင်း – ၂)

“ကျွန်မ သေမတတ် ကြောက်ခဲ့ရတာ။ အဲဒီ ဒဏ်ရာကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ပြည်ထောင်ရောက်ပြီးတဲ့နောက် တစ်လလုံး ရာသီလာနေခဲ့တယ်။ထောင်ထဲမှာ ကျွန်မက အသစ် ဖြစ်နေလို့ ပထမနှစ်လလုံး အမျိုးသမီးလစဉ်သုံးပစ္စည်းငြင်းပယ်ခံခဲ့ရပါတယ်။ ကုမ္ပဏီတွေကအဲဒီပစ္စည်းလှူပေမဲ့ထောင်ဝန်ထမ်းတွေက ကျွန်မတို့ကို ပြန်ရောင်းကြတယ်”။

ဥဂ္ဂါ ရေးသားသည်။

မြန်မာ့အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများအတွင်း နိုင်ငံရေးအကျဉ်းသူတွေဟာ လိုအပ်တဲ့ ဆေးဝါးကုသခွင့်များကို အချိန်မီ မရရှိတာကြောင့် အသက်ဆုံးရှုံးသည့် ဖြစ်ရပ်များပင် ရှိခဲ့သလို၊ ညှင်းပန်းနှိပ်စက်မှုများ၊ လက်စားချေသည့် လုပ်ရပ်များနှင့် အခြား ဆိုးရွားတဲ့ အခွင့်အရေး ချိုးဖောက်မှု တွေကိုပါ ရင်ဆိုင်ခဲ့ကြရကြောင်း Human Rights Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာထဲက အသေးစိတ်အချက်အလက်တွေကို ဒီအပိုင်း (၂) မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ်။ မေးမြန်းခံခဲ့ရသူများရဲ့ လုံခြုံရေးအတွက် အမည်ရင်းများကို ဖော်ပြခြင်းမပြုဘဲအမည်လွှဲများဖြင့် ဖော်ပြထားပါတယ်။

●ကျန်းမာရေး အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် အခြား မတရားပြုမူမှုများ

Public Service Announcement

Public Service Announcement

အကျဉ်းသူဟောင်းတွေက ထောင်ထဲမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ မရခဲ့တဲ့ အခြေအနေတွေကို ပြောပြကြပါတယ်။ ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသရေး ပစ္စည်းတွေ၊ အရေးပေါ် ဆေးကုသမှုဝန်ဆောင်မှုတွေ မလုံလောက်ခဲ့ဘဲ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေးကုသခွင့်လည်းမရခဲ့ကြပါဘူး။တရားဝင်ဆေးဝန်ထမ်းတွေ မရှိတဲ့အချိန်တွေမှာတော့ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံ နောက်ခံရှိတဲ့ အခြားအကျဉ်းသူတွေရဲ့ အကူအညီကိုပဲ အားကိုးခဲ့ရပါတယ်။

အချို့အကျဉ်းထောင်တွေမှာတော့ အခြေအနေပေါ်မူတည်ပြီး ဆေးဝါးတွေကို ဝယ်ယူခွင့်ရတာ ဒါမှမဟုတ် မိသားစုထံကနေ ပါဆယ်နဲ့ တောင်းယူနိုင်တာတွေ ရှိခဲ့ပါတယ်။ “ထောင်ထဲမှာ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်စောင့်ရှောက်ကြရပါတယ်။ ဆေးဝါးတွေကိုလည်း လျှို့ဝှက်ပြီး အချင်းချင်း မျှဝေကြရပါတယ်။ ထောင်ထဲမှာ ဆေးဝါးဆိုတာ အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခုပါ” ဟု ခင်စန်းဝင်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား ဖမ်းဆီးခံခဲ့ရတာကြောင့် ဆေးကုသပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းအင်အားက ပိုမိုလျော့နည်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှကိုယ်စားလှယ်တစ်ဦးရဲ့ပြောကြားချက်အရ သာယာဝတီထောင်မှာ အကျဉ်းသား ၃,၀၀၀ ကျော်အတွက် ဆရာဝန် ၃ ဦးသာ ရှိပြီး၊အင်းစိန်ထောင်မှာတော့ အကျဉ်းသား ၈,၀၀၀ ကျော်ကို ဆရာဝန် ၄ ဦး ဒါမှမဟုတ် ၅ ဦးနဲ့သာ ကုသပေးနေရပါတယ်။ ညောင်ရွှေထောင်က အကျဉ်းသူဟောင်းတစ်ဦးကလည်း ၂၀၂၁ ခုနှစ်မှာ အကျဉ်းသား ၂,၀၀၀ အတွက် ဆရာဝန် ၁ ဦးသာ ရှိခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းသား ၁,၀၀၀ အောက်သာရှိတဲ့ ထောင်တွေမှာတော့ ဆရာဝန် ဒါမှမဟုတ် ဆေးခန်းတောင် မရှိတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိန်းသိမ်းခံခဲ့ရသည့်အေးမြင့်က ဒိုက်ဦးထောင်မှာ ဆေးဝါးအရာရှိ တစ်ဦးသာ ရှိပြီး ဘာရောဂါပဲဖြစ်ဖြစ် ပေးတဲ့ဆေးက ပါရာစီတမော တစ်မျိုးတည်းသာပေးကြောင်း ပြောပါတယ်။

CDM သူနာပြုတဦးဖြစ်တဲ့အသက် ၃၃ နှစ်အရွယ် နုနု ဟာအတိုက်အခံတက်ကြွလှုပ်ရှားသူ​တွေကိုဆေးဝါးကုသပေးခဲ့တာကြောင့်ဆိုပြီး ၂၀၂၂ ခုနှစ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ အင်းစိန်နှင့် သာယာဝတီအကျဉ်းထောင်​တွေမှာ၂ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ CDM ဆရာဝန်တစ်ဦးကို ဆေးဝါးအရာရှိအဖြစ် တာဝန် ပေးထားခဲ့ပေမယ့် “လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဘာတစ်ခုမှ မရှိသလို၊ ဘယ်လို ကုသရမလဲဆိုတဲ့ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ချခွင့်မရှိခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။

သာယာဝတီထောင်မှာတော့ သူမရဲ့ သူနာပြုအတွေ့အကြုံကြောင့် ဆေးဝါးအရာရှိအဖြစ် တာဝန်ပေးခံခဲ့ ရပါတယ်။ “အမျိုးသားဆရာဝန်တစ်ဦးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အမြဲတမ်း မူးနေတတ်လို့ လူနာတွေကို စစ်ဆေးပေးရတဲ့ အလုပ်တွေကို ကျွန်မပဲ လုပ်ခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။

အကျဉ်းသူဟောင်းတွေရဲ့ ပြောပြချက်အရ အခြေခံကုသမှုထက် ပိုမိုလိုအပ်တဲ့ ဆေးဝါးကုသမှုတွေရယူလိုရင် ထောင်အုပ်ချုပ်ရေးမှူးတွေဆီက ခွင့်ပြုချက် တောင်းခံရပါတယ်။ ဒါပေမယ့်အဲဒီလုပ်ငန်းစဉ်ကအချိန်ကြာမြင့်သလို ​ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေလေ့ရှိပါတယ်။ ဆေးကုသခွင့် တောင်းဆိုမှုအများစုဟာလည်း ပယ်ချခံရလေ့ ရှိတယ်လို့ ​သိရပါတယ်။

သူမ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေထဲမှာ ကျောက်ကပ်ကျောက်တည်ရာကနေ ကျောက်ကပ်ပိုးဝင်ပြီး ဖျားနာနေတဲ့ လူနာတစ်ဦးကို ကုသပေးခဲ့ရတာလည်း ပါဝင်ပါတယ်။“ကျွန်မကပဋိဇီဝဆေးကို သွေးကြောထဲ ထည့်သွင်းပေးဖို့ လိုအပ်တဲ့ ဆေးကုသမှု ရနိုင်ဖို့ ထောင်ဘက်ကို တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် နှစ်လကြာအောင် တောင်းဆိုပြီးမှသာ ဆေးရုံမှာ ကုသခွင့် ရခဲ့ပါတယ်” ဟု သူမက ပြောပါတယ်။

အသက် ၄၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင်မှာ အသက်ကြီးတဲ့ အကျဉ်းသူတစ်ဦး ချော်လဲပြီး ခြေထောက်ကျိုးသွားခဲ့ပေမယ့် ဓာတ်မှန်ရိုက်ခွင့်ရဖို့ ခြောက်လကြာစောင့်ခဲ့ရပါတယ်။ သူမရဲ့ အခန်းဖော်ဖြစ်သူ ကျောက်ကပ်ရောဂါရှိတဲ့ အကျဉ်းသူတစ်ဦးလည်း ဓာတ်မှန်ရိုက်ဖို့ ခွင့်ပြုချက်ရရှိရန် ၄၅ ရက်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ကုသရခက်ခဲတဲ့ ပြင်းထန်တဲ့ရောဂါအခြေအနေရှိတဲ့ လူနာတွေကို နောက်ကျလွန်းမှသာ ပြင်ပဆေးရုံကို လွှဲပေးကြတာပါ”လို့ အကျဉ်းသား​တွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။

ဒိုက်ဦးထောင်မှ လွတ်မြောက်လာတဲ့ အကျဉ်းသူဟောင်း နှစ်ဦးရဲ့ ပြောပြချက်အရ၊ ထောင်ဆရာဝန်တွေက ပြင်ပဆေးရုံကို လွှဲပြောင်းကုသဖို့ ထောက်ခံစာရေးပေးထားပေမယ့် အာဏာပိုင်တွေက ကင်ဆာရောဂါရှိတဲ့ အကျဉ်းသူတွေကို ထွက်ခွင့်မပေးခဲ့ကြောင်း သိရပါတယ်။

“ကင်ဆာလူနာတွေဆိုရင် သေခါနီးအခြေအနေရောက်မှပဲ လွှဲစာရကြတာပါ” လို့ အကျဉ်းသူတွေကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ပြောပါတယ်။

ထောင်အများစုမှာ ညဘက်အချိန်တွေမှာ အရေးပေါ် ဆေးကုသခွင့်မရှိကြပါဘူး။အသက် ၂၈နှစ်အရွယ်နိုင်ငံ​ရေးအကျဥ်းသားဝင်းကြည်က ၂၀၂၁ ခုနှစ် မန္တလေး အိုးဘိုထောင်မှာ တံခါးတွေ ပိတ်ထားပြီးနောက် ညဘက်အချိန်အတက်ရောဂါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ပြောပြပါတယ်။ “ထောင်ဆရာဝန်လို့ ပြောတဲ့သူတစ်ယောက် ရောက်လာပေမယ့် တံခါးဖွင့်ပေးလို့မရတာကြောင့်အခန်းသံတိုင်အပြင်ကနေပဲ စစ်ဆေးခဲ့ရပါတယ်”လို့သူမက ပြောပါတယ်။

ခိုင်ဇာကတော့ ဒိုက်ဦးထောင်မှာ ညဘက်အရေးပေါ် ဆေးကုသမှုရရှိဖို့ ခက်ခဲ ခဲ့တဲ့ အခြေအနေကိုပြောပြခဲ့ပါတယ်။ “ကျောက်ကပ်ပျက်စီးနေတဲ့ အကျဉ်းသူတစ်ဦးဟာ မနက်၁ နာရီလောက်မှာအန်တာမရပ်တော့ဘဲဆေးကုသမှုရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ညဘက်ဖြစ်နေပြီးထောင်တံခါးတွေ ပိတ်ထားပြီးသားဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေကဆရာဝန်ခေါ်ပေးဖို့ ငြင်းခဲ့ပါတယ်။မနက် ၆ နာရီလောက်ရောက်မှ ကျွန်မတို့အားလုံး ဝိုင်းပြီး အရေးပေါ် အကူအညီတောင်းဆိုတဲ့အခါမှ ဝန်ထမ်းတွေက ဆရာဝန်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်”လို့ သူမက ပြောပါတယ်။

ဝန်ထမ်းတွေ ပြန်လာပြီး ဆရာဝန်က လာဖို့ ငြင်းလိုက်တယ်လို့ ပြောပါတယ်။ “နောက်ဆုံးတော့ဖမ်းဆီးခံထားရတဲ့အမျိုးသားCDM ဆရာဝန်တစ်ဦးကို ခေါ်လာပြီးကူညီခိုင်းခဲ့ရပါတယ်”။

အမျိုးသမီးအကျဉ်းသူတွေက ပြောပြချက်အရ အာဏာပိုင်တွေဟာ ဆေးဝါးကုသခွင့်ကို “စည်းကမ်းထိန်းသိမ်းရေး” အနေနဲ့ အသုံးချပြီး ကန့်သတ်ခဲ့ကြပါတယ်။ စစ်ကြောရေးအတွင်းမှာလည်း သူတို့ သိလိုတဲ့ အချက်အလက်တွေ ရရှိဖို့ ဆေးကုသပေးမယ်ဆိုလို့အကြပ်ကိုင် တာ​တွေရှိတယ်လို့ ဆိုပါတယ်။

ခိုင်ဇာရဲ့ ပြောပြချက်အရ ဒိုက်ဦးထောင် တာဝန်ခံက စစ်ကြောရေးမှာ ရိုက်နှက်ခံရပြီးနောက် အတက်ရောဂါ နှစ်ကြိမ်ဖြစ်ခဲ့တဲ့ အကျဉ်းသူတစ်ဦးကို ခြိမ်းခြောက်ခဲ့ပါတယ်။ “နောက်တစ်ကြိမ် အတက်ရောဂါ ထပ်ဖြစ်ရဲရင် သီးသန့်ထောင်ခန်းထဲ ထည့်မယ်လို့ သူမကို ကြိမ်းမောင်းခဲ့ပါတယ်” ဟု ခိုင်ဇာက ပြောပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေထောင်မှာ ထိန်းသိမ်းခံခဲ့ရသည့် မြစိန်က အခြားနိုင်ငံရေးအကျဉ်းသူတစ်ဦး မနက်ပိုင်းမှာ သတိလစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပါတယ်။

“သူမကလေဖြတ်သွားတာပါ။ကျွန်မတို့ ဆေးခန်းကို အရေးပေါ် ဆေးပေးဖို့ တောင်းဆိုခဲ့ပြီး ဘယ်လောက် ကုန်ကျကုန်ကျ ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပေးတာကိုယူမယ်လို့ပြောပေမယ့်ထောင်ပိုင်ကတော့အထက်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းရမယ်လို့ ပြောပါတယ်။ သူမ လဲကျပြီး မိနစ် ၃၀ လောက်ကြာမှ ဆရာဝန်ရောက်လာခဲ့ပါတယ်”လို့ မြစိန်ကပြောပြပါတယ်။

“သတိပြန်ရလာပေမဲ့လမ်းမလျှောက်နိုင်တော့ဘူး။ညာဘက်ကိုယ်တစ်ခြမ်း သေသွားပါပြီ။ ခဏခဏ အန်နေတယ်။ လေဖြတ်ရင်ကုသတဲ့ ဆေးကိုသုံးနာရီအတွင်းယူပေးဖို့ ဆရာဝန်ကို တောင်းဆိုတော့ ဆရာဝန်ကသူ့မှာ မရှိဘူးလို့ ပြောပါတယ်”

နိုင်ငံရေးအကျဉ်းသူတွေဟာအမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ရရှိဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အသုံးပြုခွင့်ရဖို့ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒီလို အခြေအနေတွေကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။

မချိုချိုဝင်းက ၂၀၂၄ ခုနှစ်မှာ အရပ်ဝတ်နဲ့ရဲ ၁၀ ဦး ဝင်ရောက်စီးနင်းဖမ်းဆီးမှု ခံခဲ့ရပါတယ်။အဲဒီအချိန်မှာ သူတို့က သူမရဲ့အိမ်ကို မွှေနှောက်ရှာဖွေပြီး မျက်လုံး​ကိုဖုံးအုပ်ကာ လက်တွေကို ကြိုးနဲ့ ချည်နှောင်ခဲ့ပါတယ်။

“ကျွန်မ ဖမ်းဆီးခံရတဲ့အချိန်မှာ ရာသီလာနေပါတယ်။ထောင်ကို ရောက်တဲ့အထိ နှစ်ရက်လုံး လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံကို မလဲနိုင်ခဲ့ပါဘူး” ဟု သူမက ပြောပါတယ်။ စစ်ကြောရေးမှာလည်းအရာရှိတွေကသူမကိုသတ်ပစ်မယ်၊ အစိတ်စိတ်အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်မ သေမတတ် ကြောက်ခဲ့ရတာ။ အဲဒီ ဒဏ်ရာကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ပြည်ထောင်ရောက်ပြီးတဲ့နောက် တစ်လလုံး ရာသီလာနေခဲ့တယ်။ထောင်ထဲမှာ ကျွန်မက အသစ် ဖြစ်နေလို့ ပထမနှစ်လလုံး အမျိုးသမီးလစဉ်သုံးပစ္စည်းငြင်းပယ်ခံခဲ့ရပါတယ်။ ကုမ္ပဏီတွေကအဲဒီပစ္စည်းလှူပေမဲ့ထောင်ဝန်ထမ်းတွေက ကျွန်မတို့ကို ပြန်ရောင်းကြတယ်”။

အခြားအမျိုးသမီးအများစုကလည်း စိတ်ဖိစီးမှုတွေကြောင့် ရာသီစက်ဝန်း မမှန်တာတွေ ကြုံတွေ့ခဲ့ရ တယ်လို့ ပြောကြပါတယ်။ ဖြူဖြူကတော့ ထောင်ကျနေစဉ်အတွင်း ရာသီလာတာ ရပ်သွားခဲ့ပြီး နောက်ပိုင်းမှာ သားအိမ်အကျိတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ ပြောပြပါတယ်။

●ညှင်းပန်းနှိပ်စက်မှု နှင့် လက်စားချေမှုများ

မြန်မာနိုင်ငံကအကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေ၊ စစ်စခန်းတွေနဲ့ အခြား ထိန်းသိမ်းရေး နေရာတွေမှာ ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊အချိန်ကြာရှည်စွာ ဒူးထောက်ခိုင်းပြီး ဒဏ်ခတ်တာ၊လျှပ်စစ်ရှော့ခ်ပေးခြင်းနဲ့ အစားအစာ၊ ရေနဲ့ အိပ်စက်ခွင့်တွေမပေးပဲတမင်တကာနှိပ်စက်ထားတာစတဲ့ နည်းလမ်းတွေကို အများအပြား အသုံးပြုကြတယ်လို့ သိရပါတယ်။

စစ်ဘက်အာဏာပိုင်တွေဟာ အသက် ၃၆ နှစ်အရွယ် ဖြူဖြူကို ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြောက်ပိုင်းရှိ ရွှေပြည်သာနဲ့ မရမ်းကုန်းမြို့နယ် ၈ မိုင် စစ်ကြောရေးစခန်းတွေကို သုံးလခွဲကြာ ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနေရာမှာ သူမဟာ မေးမြန်းစစ်ဆေးခံရပြီး ထပ်ခါတလဲလဲ ရိုက်နှက်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“သူတို့က နည်းလမ်းအမျိုးမျိုး သုံးပါတယ်။ အသက်ကြီးတဲ့ လူတစ်ယောက်ဆိုရင် ‘နင် ငါ့သမီးလိုပဲ၊ မေးတာဖြေရင် ဘာမှမလုပ်ဘူး’ လို့ပြောပါတယ်။ဒါပေမယ့်မေးတာကို မကျေနပ်ရင်တုတ်နဲ့ ရိုက်ပါတယ်။ ‘နင်ငါတို့ကို လိမ်နေတာ’ လို့ ပြောပါတယ်။

သူတို့က ကျွန်မတို့ကို အချိန်မရွေး သတ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက်ပါတယ်။ ‘နင် ဒီမှာရှိတာဘယ်သူမှမသိဘူး။နင့်ကိုအချိန်မရွေး သတ်ပစ်ဖို့ ငါတို့မှာခွင့်ပြုချက်ရှိတယ်’လို့ ပြောကြပါတယ်”။

အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် ဖြူဖြူဟာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံ ခဲ့ရမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုနဲ့ ခေါင်းမူးခြင်းများအတွက်ဆေးရုံပြသခွင့်တောင်းဆိုခဲ့ပါတယ်။သို့သော် အကြိမ်ကြိမ် တောင်းဆိုပြီး ၁၀ လခန့်ကြာမှသာ ဆေးရုံဆရာဝန်နဲ့ ပြသခွင့်ရခဲ့ပြီး၊ဆရာဝန်ကသူမရဲ့ဘယ်ဘက်ပုခုံးရိုးဟာကြေမွသွားခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အသက် ၂၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ဝတ်ရည်အောင်ဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဖမ်းဆီးခံရစဉ်ရိုက်နှက်ခံရမှုကြောင့်ရရှိခဲ့တဲ့ ခေါင်းဒဏ်ရာတွေကို သင့်တော်တဲ့ ဆေးဝါးကုသမှု မရရှိဘဲ နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် အင်းစိန်အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့ပါတယ်။

သူမ မသေဆုံးမီ နှစ်လအလိုမှာ သူမရဲ့ အမှုကို ကူညီပေးနေသူတစ်ဦးက ဝတ်ရည်အောင်ဟာ မကြာခဏ အတက်ရောဂါ ဖြစ်ပွားနေတယ်လို့ Human Rights Watch ကို ပြောခဲ့ပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို “ပြဿနာရှာသူတွေ” လို့ သတ်မှတ်ပြီး အခြားအကျဉ်းသားတွေနဲ့ ခွဲထားလေ့ရှိတယ်လို့ အမျိုးသမီးအကျဉ်းသူတွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ခိုင်ဇာက ပဲခူးတိုင်း ဒိုက်ဦး အမျိုးသမီးအကျဉ်းထောင် တာဝန်ခံအမျိုးသမီးဟာ “သူ့အာဏာကို စနစ်တကျ လွဲမှားစွာ အသုံးချခဲ့တယ်” လို့ ပြောပြပါတယ်။ “သူမဟာ အခြားအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသူ သုံးဦးကို သံကြိုးတွေနဲ့ ရိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒဏ်ရာက အရမ်းပြင်းထန်လွန်းလို့ ဒဏ်ရာရသူတစ်ဦးကို စောင်နဲ့ ထမ်းထုတ်သွားရပါတယ်” ဟု ခိုင်ဇာက ပြောပြပါတယ်။

အင်းစိန်အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတစ်ခုမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့် အရင်က တောင်းဆိုမှုတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် ပစ်မှတ်ထားခံခဲ့ရတဲ့ နီလာဦး(၃၁ နှစ်) ဟာလည်း ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မက တခြားတောင်းဆိုချက်တွေမှာ ပါဝင်ခဲ့ဖူးလို့ ပစ်မှတ်ထားခံရတာပါ။ အမျိုးသား၊ အမျိုးသမီး ထောင်ဝန်ထမ်းတွေက ကျွန်မနဲ့ အခြားအကျဉ်းသူတွေကို ရိုက်ကြပါတယ်။ လူလေးယောက်ကကျွန်မကို တစ်ပြိုင်နက်တည်း ကန်ကြပါတယ်။ ဖြစ်စဉ်ပြီးတဲ့နောက် ပြစ်ဒဏ်အနေနဲ့ နှစ်ပတ်ကြာ သီးသန့်ထောင်ခန်းထဲ ထည့်ခံခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။

ထောင်ထဲမှာ လူစာရင်းစစ်တဲ့ အချိန်တွေမှာလည်း ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို “ပုံစံ” လို့ခေါ်တဲ့ ဒူးထောက်ပြီး စကွတ်ထိုင်တဲ့ အနေအထားနဲ့ တစ်နာရီကြာ ထိုင်ခိုင်းလေ့ရှိတယ်လို့ အကျဉ်းသူဟောင်းတွေက ပြောပါတယ်။

ထောင်တွင်း ညစ်ပတ်ပြီးနေထိုင် မသင့်လျော်တဲ့ အခြေအနေတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုတွေကို မိသားစုဝင်တွေ ဒါမှမဟုတ် လာရောက်စစ်ဆေးတဲ့ အရာရှိတွေထံ တိုင်ကြားတဲ့အကျဉ်းသားတွေဟာလည်း လက်စားချေမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ မေးမြန်းခံရသူတွေက ပြောပါတယ်။

အဲဒီလို လက်စားချေမှုတွေထဲမှာ ပါဆယ်ထုပ်နဲ့ စာအိတ်တွေ သိမ်းဆည်းခံရတာ၊ အစားအစာ ရိက္ခာ လျှော့ချခံရတာ၊ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ခံရတာ၊ ဆေးကုသခွင့် ငြင်းပယ်ခံရတာ၊ သီးသန့် ထောင်ခန်းထဲ ပို့ဆောင်ခံရတာ နဲ့ ပိုမိုကြမ်းတမ်းတဲ့ဒါမှမဟုတ် ဝေးလံတဲ့ အကျဉ်းထောင် တွေကို ပြောင်းရွှေ့ခံရခြင်းတွေ ပါဝင်ပါတယ်။

အရာရှိတွေဟာ ထောင်ရဲ့အဆောင်တစ်ခုလုံးကို ပိတ်လှောင်ထားခြင်းလိုမျိုး အစုအဖွဲ့လိုက် ပြစ်ဒဏ်ပေးတဲ့ နည်းလမ်းတွေကိုလည်း “စည်းကမ်းထိန်းသိမ်းမှု” ဆိုတဲ့ အကြောင်းပြချက်နဲ့ အသုံးပြုခဲ့ ကြတယ်လို့ ဆိုပါတယ်။

“ထောင်ပိုင်ဆီ တိုင်ကြားဖို့ ကြိုးစားရင် တခြားထောင်ကို ပြောင်းပစ်လိုက်တာပါပဲ။ တိုင်ကြားသူတွေကို လက်စားချေမယ်ဆိုတာကို နမူနာပြထားတာပါ”လို့ အသက် ၂၉ နှစ်အရွယ် နှင်းနှင်းက ပြောပါတယ်။

အမျိုးသမီး အများစုကတော့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်ဝန်ထမ်းတွေရဲ့ စနစ်တကျ ရက်စက်တဲ့ ဆက်ဆံမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ဖြူဖြူဟာ ၂၀၂၃ ခုနှစ်မှာ အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို အခြားနိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့်နဲ့အတူ ပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁၀၀ နဲ့ အမျိုးသား ၂၀၀ ခန့် ပါဝင်ပါတယ်။ သူမကို ‘နင်တို့က တခြားထောင်မှာ စကားနားမထောင်လို့ ဒီထောင်ကို ပို့လိုက်တာ’ လို့ ပြောကြတယ်” လို့ ဆိုပါတယ်။

မကြာသေးမီက လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ သာယာဝတီထောင်ကို အသစ် ရောက်လာတဲ့ အကျဉ်းသားတွေဟာ ရိုက်နှက်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။ နန္ဒာလှိုင် (၃၂ နှစ်) ကလည်း သာယာဝတီထောင်မှာ ရိုက်နှက်ခံရပြီးနောက် သီးသန့်ထောင်ခန်းထဲမှာ နှစ်ပတ်ကြာ ထားရှိခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“၂၄ နာရီမှာ ၁၅ မိနစ်ပဲ အပြင်ထွက်ခွင့် ရပါတယ်။ ၁၀ x ၆ ပေ အခန်းထဲမှာပဲ တစ်နေကုန် နေရပါတယ်။ အဲဒီမှာပဲ စားရတယ်၊ အဲဒီမှာပဲ အိမ်သာတက်ရပါတယ်။ မီးလည်းမရှိဘူး၊ ဘာလုပ်စရာမှ မရှိဘူး၊ ဖတ်စရာလည်း ဘာမှမရှိဘဲ အမှောင်ထုထဲမှာပဲ နေရပါတယ်”လို့သူမအ​တွေ့အကြုံကိုဖွင့်ဟပါတယ်။

သာယာဝတီအာဏာပိုင်တွေဟာ ခင်စန်းဝင်း (၂၆ နှစ်) ကိုလည်း အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ လာပြီးနောက် သီးသန့်ထောင်ခန်းထဲမှာ ကိုးလကြာ ထားရှိခဲ့ပါတယ်။

“ကျွန်မတို့ကို ထောင်အဆောင်ကနေ သီးသန့်ထောင်ခန်းကို ပြောင်းတဲ့အချိန် အမျိုးသား၊ အမျိုးသမီး ထောင်ဝန်ထမ်းတွေက ဆဲဆိုကြတယ်။ထောင်ခွေးတွေနဲ့လွှတ်ကိုက်ခိုင်းတယ်။လောက်လေးခွ တွေနဲ့လည်း ပစ်ကြတယ်” ဟု ခင်စန်းဝင်းက ပြောပါတယ်။

ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူများကလည်း ၁၅ ရက်ထက် ပိုမိုကြာမြင့်တဲ့ သီးသန့်ချုပ်နှောင်မှုဟာ ညှင်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း အတည်ပြုထားပါတယ်။

သူမရဲ့ ပြောကြားချက်အရ အိုးဘို၊ သာယာဝတီနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေမှာ အမျိုးသား ထောင်ဝန်ထမ်းတွေဟာ ဖျားနာနေတဲ့ အမျိုးသမီးအကျဉ်းသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပေါ်မှာတောင် လောက်လေးခွတွေ အသုံးပြုပြီး ထိန်းချုပ်တာမျိုး လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရ အစောပိုင်းကာလတွေမှာ အမျိုးသားထောင်ဝန်ထမ်းတွေဟာ အမျိုးသမီးအကျဉ်းသူတွေအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာကို ရှောင်လေ့ရှိခဲ့ပေမယ့်၊ နောက်ပိုင်း ငါးနှစ်အတွင်းမှာတော့ အဲဒီလို စံနှုန်းတွေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်လို့ ပြောပါတယ်။

နိဂုံး (အပိုင်း – ၃) ဆက်ရန်

ကိုးကား – Human Rights Watch

ဆက်စပ်သတင်းများ

ဆောင်းပါး

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

Facebook