စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။
အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့ကိုဒီကနေ့ ဗုံးကြဲတာကြောင့်သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးထိ ရှိလာပြီးသေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့ AA နဲ့ ဒေသခံလူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်တပ်က စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ထဲ က လူစည်ကားတဲ့ အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“၃၃ ယောက်၊ ဒီဟာက စာရင်းအတည်ပြုလို့ရတယ်။ဒဏ်ရာရတာ ၃၆ ယောက်၊ သေတဲ့လူက တိုးနိုင်သေးတယ်။ မီးထဲမှာ ပါသွားတဲ့အလောင်းတချို့ကို စာရင်းပြုစုလို့မရနိုင်သေး၊ ဆွဲထုတ်လို့ မရနိုင်သေးတာတွေ ရှိသေးတယ်” လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

Public Service Announcement
အခုလိုအရပ်သားလူနေရပ်ကွက်၊စျေးနဲ့ လူအသွားအလာများတဲ့တံတားတို့ကိုစစ်တပ်က တမင်ရည်ရွယ်ပြီး ဗုံးကြဲတာဟာ အလွန်ယုတ်မာတဲ့ လုပ ရပ်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ဒီဟာကတော့ တကူးတက လာရောက်ဖျက်စီးတာဖြစ်တယ်။ ဆိုတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်လည်းဖြစ်တယ်၊ ဒီဟာကဆိုရင် တော်တော်ကြီး ရက်စက်၊ ယုတ်မာတာလည်းဖြစ်တယ်လို့ မြင်မိတယ်” လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိပြီး လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ စည်း ကားတဲ့နေရာတခုဖြစ်ပါတယ် ။ ဂစ္ဆပနဒီတံတားဟာလည်း မြို့အဝင်က လူအသွားအလာများတဲ့တံတားတခုဖြစ်ပါတယ်။ဒါကြောင့် စစ်တပ်က လူစည်ကားတဲ့နေရာတွေကို ရွေးပြီး ဗုံးကြဲသတ်ဖြတ်တာလို့ ဒေသခံတွေကပြောပါတယ်။
အာရက္ခတပ်တော်(AA)ကလည်း ကျောက်တော်မြို့ဗုံးကြဲခံရမှုနောက်ဆက်တွဲသတင်းထုတ်ပြန်ရာလက်ရှိအချိန်ထိသေဆုံးသူ (၃၃) ဦးခန့်နဲ့ဒဏ်ရာရရှိသူ၃၆ ဦးအထိ ရှိလာပြီးသေဆုံးသည့်အရေအတွက်ထပ်တိုးလာနိုင်ခြေရှိတယ်လို့ဖော်ပြပါတယ်။
အာရက္ခဒေသအတွင်း စစ်တပ်အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက်ယနေ့ကျောက်တော်မြို့ဗုံးကြဲခံရမှုမှာအရပ်သားပြည်သူအစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
“စျေးရောင်းနေတဲ့ မိသားစုတွေပါသွားတယ်။ အလောင်းတွေတောင် ရုပ်ပျက်ဆင်းပျက်သေချာရွေးရတယ် ပြောတယ်။ကမ္ဘာမှာ ဒီလောက်အောက်တန်းကျတာ မတွေ့ဖူးဘူး။ ကလေးငယ်ငယ်လေးတွေရောပါတယ်” လို့ စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင်တွေ သေဆုံးခဲ့ရတဲ့ စစ်တွေဒေသခံတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီနေ့တရက်တည်းမှာ ကျောက်တော်မြို့အပြင် သံတွဲမြို့နယ်၊ မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာAAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေထဲကအချို့ကိုစစ်တပ်က၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး တန်ပြန်ထိုးစစ်ဆင်ပေမယ့် ၃ ပါတ်ကျော်တဲ့တိုင်စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်အထိနာပြီးစခန်းတွေလက်လွတ်ဆုံးရှုံးနေပါတယ်။
စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေပြီးနောက် စစ်တပ်ကလူနေ မြို့ရွာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေကာ တပ်စခန်းတွေ လည်း ဆက်တိုက်လက်လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီစာရင်းထဲမှာဒီနေ့ ဗုံးကြဲခံရတဲ့ကျောက်တော် ၊သံတွဲ ၊မင်းပြားမြို့နယ်ကသေဆုံးထိခိုက်မှုတွေမပါသေးပါဘူး။
(စစ်တပ်ဗုံးကြဲပြီးနောက်မြင်ကွင်း။ ဓါတ်ပုံ-AA Info Desk၊ ဝေဟင်အောင်)


















































