စပိန်ရဲ့ အိမ်ခြံမြေ အကျပ်အတည်းကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခု ဖြစ်လာစေသူ အတင်းအကျပ် နှင်ထုတ် ဖယ်ရှားခံခဲ့ရတဲ့ မသန်စွမ်း အဖွားအိုဟာ မူလ အိမ်ခန်းမှာ ပြန်လည် နေထိုင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။
အသက် ၈၇ နှစ်အရွယ် မာရီကာမန် အဘက်စ်ကဲလ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ငှားရမ်း နေထိုင်လာတဲ့ မက်ဒရစ်မြို့ နေအိမ်ကနေ စက်တင်ဘာ ၂၃ ရက်နေ့မှာ ထမ်းစင်ပေါ်တင်ပြီး ဖယ်ရှားတာ ခံခဲ့ရပါတယ်။ အိမ်ပေါ်ကနေ အတင်းအကျပ် နှင်ချခံရတဲ့နောက် အဖွားအိုဟာ ဆေးရုံတက်နေခဲ့ရပါတယ်။
သက်ကြီးရွယ်အို မသန်စွမ်း တစ်ဦးကို နေအိမ်ကနေ အတင်းဖယ်ရှားတဲ့ ကိစ္စဟာ စပိန်ပြည်သူတွေကြားမှာ အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်လာစေသလို မက်ဒရစ်မှာ လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ အဘက်စ်ကဲလ် နှင်ထုတ်ခံရမှုဟာ စပိန်ရဲ့ အိမ်ခြံမြေ အကျပ်အတည်း ဆိုးရွားနေမှု ပြဿနာကို မြင်သာစေတဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်လာပါတယ်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဟွန်းချက်ဇ်က သူ့ရဲ့ အစိုးရဟာ စက်တင်ဘာ ၂၉ ရက်နေ့ကျရင် တွေ့ဆုံဆွေးနွေးပြီး နေရေးထိုင်ရေး ပိုမိုအဆင်ပြေစေဖို့ ဖြေလျှော့မှုတွေအတွက် ညှိနှိုင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement
အခုအခါမှာတော့ အဖွားအိုရဲ့ နေအိမ်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီက စျေးထပ်မတင်ဘဲ မူလငှားရမ်းခအတိုင်း အိမ်ကို ဆက်ငှားပေးထားဖို့ သဘောတူခဲ့ပါတယ်။ ဒီရွေးချယ်မှုဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်လို့ အဘက်စ်ကဲလ်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
အဘက်စ်ကဲလ်ရဲ့ ဖခင်ဟာ ၁၉၅၆ ခုနှစ်မှာ အဲဒီအိမ်ကို စတင်ငှားရမ်း နေထိုင်ခဲ့ပါတယ်။ မိဘတွေ ကွယ်လွန်သွားတဲ့နောက် အဘက်စ်ကဲလ်က အိမ်မပြောင်းဘဲ ဆက်ပြီး နေထိုင်ခဲ့ပါတယ်။ အဲဒီ ကာလတွေတုန်းက စပိန်မှာ အိမ်ငှားခ အမြင့်ဆုံး သတ်မှတ်ချက်မျိုး ရှိနေပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုက အဘက်စ်ကဲလ် လက်ရှိ နေထိုင်နေတဲ့ အိမ်ကို ဝယ်ယူလိုက်ပါတယ်။ ပြီးတော့ အိမ်ငှားခကို တစ်လ ယူရို ၅၀၀ ကနေ ယူရို ၂၆၅၀ ဆီ မြှင့်တင် သတ်မှတ်ခဲ့ပါတယ်။ အဲဒီ ပမာဏကို အဖွားအိုက မတတ်နိုင်ခဲ့ပါဘူး။ နောက်တော့ ကုမ္ပဏီဖက်က အိမ်ငှားခကို လျှော့ပေးပြီး တစ်လ ယူရို ၁၆၅၀ ပဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဘက်စ်ကဲလ်ရဲ့ ပင်စင်က တစ်လကို ယူရို ၁၃၅၀ ပဲရတာကြောင့် အဲဒီ အိမ်ငှားခကိုလည်း မတတ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ကုမ္ပဏီက အဖွားအိုကို နေအိမ်ထဲကနေ ဖယ်ရှားခွင့်ပြုဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပြီး အရင် ၃ ကြိမ်တုန်းကတော့ ပယ်ချ ခံခဲ့ရပါတယ်။ အခုနောက်ဆုံး တစ်ခေါက်မှာတော့ အဖွားအိုကို အိမ်ထဲကနေ ဖယ်ထုတ်ခွင့် ရခဲ့တာကြောင့် ကုမ္ပဏီက သူ့ကို အတင်းနှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို ကြားရတဲ့နောက် စက်တင်ဘာ ၂၆ ရက်နေ့က ထောင်နဲ့ချီတဲ့ မြို့ခံတွေ မက်ဒရစ်မြို့မှာ စုဝေးပြီး အခုဖြစ်ရပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြပါတယ်။ နောက်ပြီး အိမ်ငှားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကာအကွယ်တွေ ရရှိစေဖို့၊ အိမ်ခြံမြေ ပြတ်လပ်မှုတွေ၊ အိမ်ငှားခ စျေးကြီးမှုတွေကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့လည်း တောင်းဆိုလာကြပါတယ်။
အခုတော့ ကုမ္ပဏီကလည်း အလျှော့ပေးလိုက်ပြီး အဘက်စ်ကဲလ်ကို မူလ အိမ်ငှားခအတိုင်း တစ်လကို ယူရို ၅၀၀ နဲ့ ဆက်လက် နေထိုင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ အဖွားအိုရဲ့ ရှေ့နေကတော့ သဘောတူညီမှု အသစ်အတွက် စာမချုပ်ရသေးကြောင်း၊ အဘက်စ်ကဲလ်ဟာ အားအင်ကုန်ခမ်း နွမ်းနယ်မှုကြောင့် ဆေးရုံတက်နေဆဲဖြစ်ပြီး သက်သာလာရင်တော့ စာချုပ်မှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း ပြောပါတယ်။
စပိန်ဗဟိုဘဏ်ကတော့ နိုင်ငံမှာ လိုအပ်ချက်နဲ့ အသစ်တည်ဆောက်နိုင်စွမ်း ကွာဟချက်တွေကြောင့် အိမ်ပေါင်း ၇ သိန်းလောက် လိုအပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။
ကိုးကား: BBC



















































