Liam ရေးသားသည်။
ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ဆောင်းဘောက်စ်တွေကထွက်လာတဲ့ကျယ်လောင်တဲ့သီချင်းသံတွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။
“နံရံလေးတခုပဲခြားတာ။ဒီ (နန်းတွင်းစစ်ကြောရေး)အတွင်းထဲမှာ ကိုယ့်လူ တွေအများကြီး သေခဲ့တာကို မျက်နှာမပူကြဘူးလားမသိဘူး။ဒီလောက်ကြီး လုပ်တာကရုပ်ပေါက်လွန်းတယ်”လို့ လူငယ်အပြေးသမားတဦးကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအပြီး တရုတ်ဖိအားနဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေစစ်တပ်ကိုပြန်လွှဲပေးရသလို ၊ မတ္တရာမြို့နယ်အရှေ့ခြမ်း နဲ့ စဥ့်ကူးမြို့နယ်တို့ကနေ မန္တလေးPDF(MDY-PDF) အပါအဝင် တော်လှန်ရေး တပ်တွေ ဆုတ်ခွာရချိန်မှာ မန္တလေးမြို့ခံတချို့ရဲ့ မျက်နှာဖုံး တွေကွာကျခဲ့ပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းတာကို မြို့လုံးကျွတ်နီးပါး ဆန္ဒထွက်ပြတဲ့ မန္တလေးမြို့ဟာ အခုနောက်ပိုင်းစစ်အာဏာရှင်အလိုကျ ပျော်ပွဲ၊ရွှင်ပွဲများစွာလုပ်နေတဲ့မြို့ဖြစ်လာပါတယ်။ စစ်အုပ်စု နဲ့ ပါပရော်ပရီဆက်ဆံရေး လုပ်သူတွေများလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မန္တလေးမြို့ကကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေရဲ့ ဝိဉာဉ် တွေဟာ ကျုံးမြို့ရိုးအတွင်းမှာရှိနေဆဲဖြစ်ပါတယ်။
မြေပြင်သပိတ်တွေကို ဦးဆောင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေဖြစ်တဲ့ ယမား(ခ)မအေးနန္ဒါစိုး၊ကိုသူရအောင်၊ကိုဖိုးလုံး၊ကိုစိုးလင်းအောင်၊ကိုလှမျိုးအောင်၊ကိုဖီးနစ်၊ကိုလင်းပိုင်စိုးတို့ဟာစစ်ကျွန်မခံပြည်သူ့လွတ်မြောက်ရေး အတွက် စစ်အာဏာရှင်တွေကို ဒူးမထောက်ဘဲ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့နန်းတွင်းစစ်ကြောရေးမှာ ရှေ့ဆင့်နောက်ဆင့်ကျဆုံးခဲ့တဲ့ မန္တလေးကမွေးထုတ်ခဲ့တဲ့လူငယ်တွေဖြစ်ပါတယ်။
ဒီလူငယ်တွေအတွက် ဘယ်ဘာသာတရားနဲ့မှ အမျှဝေခွင့် မရသေးပါဘူး။လူငယ် တွေရဲ့ သွေ့ညှီနံ့စွန်းထင်းနေတဲ့ကျုံးတံတိုင်းကို စစ်အာဏာရှင်အလိုကျမျက်နှာပြောင်တိုက် ဆေးကြောပေးနေတဲ့ မန္တလေးမြို့ကလူငယ်တစုလည်းရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ၃၀ ရက်နေ့က မန္တလေး ကျုံးအတွင်းဘက် ကျုံးမြို့ရိုးဘေးမှာ ညနေပိုင်းအပြေးပြိုင်ပွဲ -NGR Evening Run ဆိုပြီးပြေးပွဲတခုကို မန္တလေးက လူငယ်Runner အဖွဲ့ ဖြစ်တဲ့ Nomad Runners က ဦးဆောင်ပြီးလုပ်ခဲ့ပါတယ်။ ဒီပွဲကိုစပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီဟာရိုးမဘီယာကဖြစ်ပြီး အခြားလုပ်ငန်းအချို့ကလည်း စပွန်ဆာပေးခဲ့ပါတယ်။
ပြိုင်ပွဲဝင်ချင်တဲ့အပြေးသမားတယောက်ဟာ ဝင်ကြေး ၁၀၀,၀၀၀ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိပေးရပါတယ်။ဒီပြိုင်ပွဲကို ကျင်းပခဲ့တဲ့ နေရာဟာ မန္တလေး ကျုံးအတွင်းလမ်း၊နန်းမြို့ရိုးရဲ့ ဘေးမှာပြုလုပ်ခဲ့တာပါ။
ဆောင်းဘောက်စ်ကြီးတွေ အများကြီးချပြီး စည်ဘီယာပိုင်း တွေထောင် သီချင်းတွေဖွင့်အော်ဟစ်အောင်ပွဲခံခဲ့ကြတာပါ။
“တခြားပွဲ လုပ်တာကို မပြောလိုဘူး။sound box တွေဖွင့်ပြီး ဘီယာ တွေသောက် ပျော်ပါးပြီးပွဲလုပ်တာကြီးက တော့တကယ်ရုပ်ပေါက်လွန်းတယ်။သူတို့ အားမနာကြဘူးလားမသိဘူး”လို့လူငယ်အပြေးသမားတဦးကပြောပါတယ်။သူကတော့ ဒီအပြေးပြိုင်ပွဲကို ဝင်မပြိုင်ပါဘူး။
သေချာတာက ဆောင်းဘောက်စ်အကျယ်ကြီးနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ အော်ဟစ်အောင်ပွဲခံနေကြတာကို နံရံသာခြားတဲ့နန်းတွင်းထဲကကြားနေရမှာပါ။မန္တလေးနန်းတွင်းဟာ မန္တလေးမြို့ခံလူငယ် တွေကို စစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက် သတ်ပစ်ရုံတင်မဟုတ်ပါဘူး။ယခုဆိုရင် ပေါ်တာဆွဲထားတဲ့ လူငယ် တွေကို ဖမ်းဆီးပြီး ဒီအတွင်းထဲမှာပါချုပ်နှောင်နေတာပါ။
ဒါကြောင့်ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူတွေ ၊ ပေါ်တာဆွဲခံရတဲ့လူငယ်တွေဟာ ကျုံးတစ်ဖက်မှာ အပြေးသမားတွေပျော်မြူး၊အော်ဟစ်နေသံတွေ ၊သီချင်းသံတွေကို ကြားနေရမှာဖြစ်တယ်လို့ အထက်မှာပြောခဲ့တဲ့ မန္တလေးက လူငယ် ၂ ဦးကပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ လူထုနွေဦးက အင်တာဗျူးခွင့်ရခဲ့တဲ့ စစ်အုပ်စုကပေါ်တာဆွဲခံရတဲ့လူငယ်တဦးရှိပါတယ်။ အဲဒီလူငယ်ဟာသတင်းစာမှာကြော်ညာထားတဲ့ ရန်ကုန်မြို့မှာယာဥ်မောင်းလုပ်ရမယ် ဆိုတဲ့အလုပ်ကိုလျှောက်ထားပြီး အင်တာဗျူးခေါ်တဲ့ နေရာသွားဖြေတုန်း အဲနေရာမှာပဲဖမ်းဆီးလိုက်တာပါ။အဲဒီလူငယ်ကို စစ်အုပ်စုက မန္တလေး နန်းတွင်းကို ပို့ခဲ့ပြီး တလတိုင်ချုပ်နှောင်ထားခဲ့ပါတယ်။နန်းတွင်းအချုပ်ထောင်မှာ အလားတူ စစ်မှု ထမ်းဖို့ ဖမ်းဆီးခံထားရသူ လူငယ်များစွာရှိပါတယ်။
တလပြည့်ပြီးချိန်မှာစစ်သင်တန်း တွေကိုပို့ခံရပြီး အဆိုပါလူငယ်ကတော့ ရမည်းသင်းမြို့က စစ်သင်တန်းကိုရောက်ခဲ့တာပါ။စစ်သင်တန်းအပြီး အညာဘက်ကို တာဝန်ကျချိန် တော်လှန်ရေး တပ်တွေနဲ့ချိတ်ဆက်ပြီးထွက် ပြေးခဲ့လွတ်မြောက်ခဲ့တာပါ ။အဲဒီနောက်သူက တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ်ခံယူရင်း သူ့ကို အလုပ်ခေါ်သလို လိမ်လည်ပြီးပေါ်တာဆွဲစစ်ထဲပို့ခဲ့တဲ့စစ်တပ်ကို ပြန်တော်လှန်နေပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းပေါ်တာဆွဲတာတွေ ပိုမိုဆိုးရွားလာသလို လူငယ်အများအပြားဟာ နန်းတွင်းထဲမှာ ချုပ် နှောင်ခံထားရဆဲဖြစ်ပါတယ်။စက်တင်ဘာလမှာတင် နန်းတွင်းထဲက ချုပ်နှောင်ခံထားရတဲ့ အဓမ္မစစ်သားသစ်စုဆောင်းခံရသူ၊ပေါ်တာဆွဲခံရသူတွေကို စစ်တပ်ကကားတွေနဲ့ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ တပ်မ(၃၃) လက်အောက်ခံတပ်တွေဆီကို စစ်သင်တန်းသားတွေအဖြစ်ပို့ဆောင်ခဲ့ပါတယ်။စက်တင်ဘာ ၂၁ ရက်နေ့ကလည်းစစ်ကား နှစ်စီးနဲ့ အဓမ္မစုဆောင်းထားတဲ့လူငယ်တွေကို စစ်သင်တန်းကိုပို့တုန်း လမ်းပိတ်နေစဥ် လူငယ်တဦးက စွန့်စွန့်စားစားကားပေါ်ကခုန်ချပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
စစ်အာဏာရှင်တွေအတွက် အသေခံစစ်သားအဖြစ် မရပ်မနားဖမ်းဆီးစုဆောင်းခံနေရတဲ့လူငယ်တွေဟာ ဒီအုတ်နံရံနောက်ကျောမှာ ညှင်းပန်းနှိပ်စက်ခံရရင်လူမသိသူမသိ အသက်ပေးလိုက်ရသူ တွေလည်းများစွာရှိ နေပါတယ်။
မန္တလေးမြို့မှာ ပြေးပွဲတွေကို မကြာခဏလုပ်နေတဲ့ Nomad Runners အဖွဲ့က စက်တင်ဘာ ၂၆ ရက်ကလည်း စစ်အုပ်စုနဲ့မကင်းတဲ့ AMARAPURA ICON မှာ Nomadpura အပြေးပွဲလုပ်ခဲ့ပါသေးတယ် ။စစ်တပ်လွှတ်တော်က စစ်တပ်အမတ် ဇော်အောင်ထက်နဲ့ ဇနီး တို့ကိုအထူးဧည်သည်အဖြစ်ဖိတ်ပြီးလုပ်ခဲ့ကြတာပါ။ ပြေးလမ်းဟာအမရပူရမြို့သားဖြစ်တဲ့ ပြည်သူ့အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်နဲ့သိပ်မဝေးတဲ့ ကန်ပတ်လမ်းမှာပဲဖြစ်ပါတယ်။
ပြေးပွဲကိုစီစဥ်နေတဲ့လူငယ်တွေ၊ပြေးပွဲတွေမှာ သာမာန်အခြေခံလူတန်းစားမတက်နိုင်တဲ့ငွေကြေးပေးသွင်းပြီးပျော်ပျော်ကြီး ပြေးနေကြတဲ့လူငယ်အများစုက ငွေကြေးတက်နိုင်သူတွေများကြပါတယ် ။သူတို့က စစ်မှုမထမ်းရသလို ပေါ်တာဆွဲခံတာလည်းမရှိဘဲ အခုလိုပျော်ရွှင်နိုင်နေကြတာဖြစ်ပြီး ငွေကြေးတက်နိုင်တဲ့အတွက် စစ်မှုမထမ်းရအောင် ငွေပေးပြီးရှောင်တာ ၊စစ်တပ်နဲ့ဆက်နွှယ်သူတွေဖြစ်တဲ့အတွက် စစ်မှုမထမ်းရတာဖြစ်တယ်လို့ မန္တလေးကအပြေးသမားအချို့ကပြောပါတယ်။
ဒါပေမယ့်ခြွင်းချက်တစ်ခုကတော့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁နှစ်ပြည့် မွေးနေ့မှာ 81 electric ရဲ့အပြေးပြိုင်ပွဲ အင်္ကျီဝတ်လို့ဆိုပြီး အပြေးသမားတဦးကိုစစ်အုပ်စုကဖမ်းဆီးခဲ့ပါတယ်။
ပွဲစီစဥ်သူတွေကမန္တလေးနန်းမြို့ရိုး ကျုံးဘေးအနီးမှာ ပြေးပွဲတစ်ခုထပ်လုပ်ဖို့လည်းစီစဥ်နေကြပြန်ပါတယ် ။ နိုင်ငံတစ်ဝန်းစစ်တပ်က ပြည်သူတွေကို နေ့စဥ်နီးပးဗုံးကြဲသတ်ဖြတ်နေသလို စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ အထွေထွေအကြပ်အတည်းတွေကြောင့် အခြေခံပြည်သူတွေအများစုက နေစဥ်စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရချိန် မန္တလေးမြို့မှာ နန်းမြို့ရိုးဘေး အပြေးပြိုင်ပွဲ နဲ့ ပျော်ပွဲရွှင်ပွဲတွေခပ်စိပ်စိပ်လုပ်နေကြတာက အတော်ထူးဆန်းတဲ့အခြေအနေပါ။အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည် အေးချမ်းပျော်ရွှင်နေတယ်ဆိုတဲ့ပုံရိပ်တွေပြဖို့ ဘုရာပွဲ၊ဇာတ်ပွဲကအစ ပွဲမျိုးစုံ အထူးအစီအစဥ်နဲ့ ဝှီးချဲအောင်လုပ်ခိုင်းနေတာကို သိရင်တော့ အံသြစရာမရှိပါဘူး။
ဒါပေမယ့် စစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ တော်လှန်ရင်း နန်းတွင်းစစ်ကြောရေးမှာ မတရား သတ်ဖြတ်ခံလိုက်ရတဲ့ မန္တလေးကလူငယ်တွေရဲ့ ဝိဥာဏ်တွေရှိခဲ့ရင် နံရံတဖက်က ဆောင်းဘောက်စ်အကျယ်ကြီးဖွင့်ပြီး ဘီယာတွေသောက်ပျော်မြူးနေတဲ့သူတွေကိုအတော်စိတ်ပျက်နေကြမယ်ထင်ပါတယ်။



















































