Connect with us

Hi, what are you looking for?

သတင်း

ရိုးမစင်ထရယ်စီမံကိန်းမှ IFC၊ ADB နဲ့ မစ်ဆူဘီရှီအုပ်စုတို့ထွက်ခွာ

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

(ရိုးမစင်ထရယ် စီမံကိန်း​ဆောက်လုပ်ခဲ့စဥ်။ ဓါတ်ပုံ-Nikkei)

အောက်တိုဘာ-၆၊၂၀၂၆။ဇော်၀င်း/People’s Spring

ရန်ကုန်မြို့လယ်ကရိုးမစင်ထရယ်စီမံကိန်းကနေကမ္ဘာ့ဘဏ်အုပ်စုဝင်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ မစ်ဆူဘီရှီအုပ်စုတို့ ထွက်ခွာသွားပြီလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တချို့က ‌ပြောပါတယ်။

ကိုလိုနီခေတ်လက်ရာမီးရထားရုံးချုပ်ဝင်းဟောင်းကိုအဆင့်မြှင့်တင်မယ့်ရိုးမစင်ထရယ်စီမံကိန်းကိုမူလက မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ၅ ရာခိုင်နှုန်းနဲ့ ADB ၅ ရာခိုင်နှုန်းစီပါဝင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

“ပထမမြန်မာရင်းနှီးမြှုပ်နှံမှုအများပိုင်ကုမ္ပဏီလီမိတက်(FMI) ရဲ့ စီမံကိန်းရှင်းတမ်းအရဆိုရင် IFC၊ ADB နဲ့ Mitsubishi ပူးပေါင်းထားတဲ့ MMJ Yangon Development Pte. Ltd. တစ်စုံလုံးထွက်သွားတယ်လို့ပြောရမယ်။ထွက်ခွာရတဲ့အကြောင်းရင်းကို ထုတ်ပြန်ချက်မှာတော့ မပါဘူး”လို့ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေးနဲ့စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် FMIက Yoma Strategicနဲ့ အတူ Yoma Central တွင် အစုရှယ်ယာပိုင်ဆိုင်မှုကိုတိုးမြှင့်ပြီး ရန်ကုန်မြို့လယ်ကစီမံကိန်းကို အဆင့်ဆင့်ပြန်လည်စတင်အကောင်အထည်ဖော်မယ်လို့ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ ဘက်စုံအသုံးပြု ဖွံ့ဖြိုးရေးစီမံကိန်း (mixed-use development) ဖြစ်တဲ့ Yoma Central စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာပိုင်ဆိုင်မှုကို ၁၂ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်နိုင်တဲ့သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြပါတယ်။

စီမံကိန်းမှာ FMI ရဲ့ ရေရှည် မိတ်ဖက်ဖြစ်တဲ့ Yoma Strategic Holdings Ltd. (“Yoma Strategic”) ကကျန်ရှိတဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

“သဘောတူစာချုပ်က Yoma Central စီမံကိန်း ပြန် လည်စတင်နိုင်ဖို့အတွက် အရေးပါတဲ့ မှတ်တိုင် တစ်ခု ဖြစ်ပါတယ်။ ရေရှည်မိတ်ဖက်ဖြစ်တဲ့ Yoma Strategic နဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းများကို အဆင့်ဆင့် ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ Yoma Central မှာ အစုရှယ်ယာပိုင်ဆိုင်မှု တိုးမြှင့်ခြင်းကစီမံကိန်းအပေါ် ယုံကြည်မှုနဲ့ Yoma Group ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ရေရှည်ကတိကဝတ်ကိုထင်ဟပ်စေပါတယ်။ ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ နှစ်ပေါင်းများစွာ ပံ့ပိုးကူညီပေးခဲ့တဲ့ မိတ်ဖက်တွေနဲ့ ချေးငွေပေးသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်” လို့ FMI အမှုဆောင်အရာရှိချုပ်နဲ့အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောပါတယ်။

Yoma Central စီမံကိန်းကို ဖော်ဆောင်လျက်ရှိသော Meeyahta Development Limited တွင် မိတ်ဖက်များ(MMJ Yangon Development Pte. Ltd) ပိုင်ဆိုင်မှုအချိုးအစားဖြစ်တဲ့အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းကို စတိတန်ဖိုး(Norminal Amount) ကို လျှော့ဈေး နဲ့ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

ထိုရှယ်ယာငွေတွေက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၁.၇ သန်းခန့်ရှိရာမှာ အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ယူမယ်လို့ FMI ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ထိုဝယ်ယူမှုက၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ FMI ကုမ္ပဏီရဲ့အစုရှယ်ယာရှင်တွေက ချေးပေးငွေထားတဲ့အမေရိကန်ဒေါ်လာ ၁၀၆ သန်းခန့်လည်း ပါဝင်မယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အကြာ ၂၀၂၅ ခုနှစ်မှာမြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ်ပြုပြင်မွမ်းမံတည်ဆောက်မယ့်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကိုပင်နီဆူလာ(Peninsula ) ဟိုတယ်လုပ်ငန်းစုကဆုံးရှုံးငွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်က စတင်ပြီး ၂၀၂၂ခုနှစ်တွင် အပြီးသတ်ဖို့ စီမံထားခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွက်အဓိကအထိန်းအမှတ် အဆောက်အဦးတစ်ခုဖြစ်လာဖို့မျှော်မှန်းထားတဲ့ရိုးမစင်ထရယ်စီမံကိန်းကို Yoma Group ပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Pun က ဦးဆောင်ခဲ့ပါတယ်။ ဦးသိမ်း​ဝေကိုအာဏာသိမ်းစစ်တပ်က ၂၀၂၄ ဇွန်လမှာ ဖမ်းဆီးခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို ရိုးမဘဏ်က ချေးငွေ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗဟိုဘဏ် သတ်မှတ်ထားတဲ့အိမ်ယာ​ချေး​​ငွေသတ်မှတ်ချက်ထက်ပိုချေးပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စစ်တပ်ပဖမ်းတယ်လို့ သတင်းထွက်ခဲ့​ပေမယ့် တိတိကျကျထုတ်ပြန်တာမရှိပါဘူး။

ဦးသိမ်း​ဝေအဖမ်းခံပြီး​တော့ သူ့ရဲ့သားဖြစ်သူ မယ်လ်ဗင်ပန်(Melvyn Pun)ကYoma Group ကို ဦး​ဆောင်လုပ်ကိုင်​နေတာဖြစ်ပါတယ်။

Yoma Groupရဲ့ထင်ရှားတဲ့ လုပ်ငန်းတွေထဲမှာ FMIကုမ္ပဏီ၊ Yoma ဘဏ်၊ Wave money ငွေလွှဲလုပ်ငန်း၊ ပန်းလှိုင်ဆေးရုံ ၊ Star City အိမ်ယာစီမံကိန်းစတာတွေပါ၀င်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် PDF (ပြည်သူ့ကာကွယ်ရေးတပ်)တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌​တွေနေပြည်တော်ကို လာမတိုက်ရင် စီးပွားရေးလုပ်လို့ရတယ်လို့စစ်တပ်က သီရိပျံချီဘွဲ့​ပေးထားတဲ့ ဦးသိမ်းဝေက ပြောခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Facebook