အောက်တိုဘာ ၇၊ ၂၀၂၆။ ဇေအောင်/People’s Spring
ပြည်သူတွေကို တင်းကျပ်စွာ စောင့်ကြည့်တဲ့ စနစ်ဖြစ်တဲ့ UID ကတ်ကို ယခုအခါ ဒေသအသီးသီးက ရဟန်းသံဃာတော်တွေကိုပါ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်က စီစဥ်ခဲ့ပါတယ်။
ယခု အောက်တိုဘာလဆန်းမှာတော့ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ထိန်းချုပ်ရာ ဒေသအသီးသီးက ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ စာသင်တိုက်တွေမှာ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို e-ID စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) (ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ထုတ်ပေးတာတွေ ပြုလုပ်နေကြောင်း သံဃာအသိုင်းအဝိုင်းကနေ သိရပါတယ်။

Public Service Announcement
စစ်တပ်ဟာ UID စနစ်ကိုသုံးပြီး ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီ e-ID နဲ့ Unique ID စနစ်ကို အသုံးပြုပြီး ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်နေသလို ခုလို သံဃာထုဆီပါ တိုးချဲ့လာတာဟာ သံဃာတော်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုပါ စောင့်ကြည့်စိစစ် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း သံဃာအချို့က မိန့်ပါတယ်။
“သက်သက် အနိုင်ကျင့်ဗိုလ်ကျဖို့ အရေးတွေ လုပ်နေကြတာပါ။ သာသနာမှတ်ပုံတင်တောင် လုပ်မပေးနိုင်တဲ့မြို့နယ်သံဃာ့နာယကတွေ။ အခုက မြို့နယ်သံဃာ့နာယကတွေလို့သာ အမည်တပ်ခံရတာရယ်။ တံဆိပ်တုံးတွေဆိုစစ်တပ်လက်အောက်ခံ ထွေအုပ်ရုံးတွေဆီမှာ ထားရတာ။
ကကြိုးရုပ်တွေရယ်။ အဓမ္မ စစ်သားစုဆောင်းဖို့လက်ကိုင်တုတ်အဖြစ် သုံးဖို့ပဲ ဖြစ်မှာပါ”လို့ ချောင်းဦးမြို့နယ်က သပိတ်ဆရာတော်က မိန့်ကြားပါတယ်။
စစ်တပ်လက်အောက်က လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရဲ့ စာထဲမှာတော့ ဘုန်းကြီး၊ ကိုရင်နဲ့ သီလရှင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် (Passport) လျှောက်တာ၊ ပြည်ပမှာ ဆေးကုတာ၊ ဘုရားဖူးထွက်တာနဲ့ ဘဏ်လုပ်ငန်းသုံးတာစတဲ့ ကိစ္စတွေမှာ အဆင်ပြေအောင် လုပ်ပေးတာလို့ အကြောင်းပြထားပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ အသက် ၁၀ နှစ်အထက် လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် (Biographical Data) နဲ့ မျက်လုံးစကင်၊ လက်ဗွေ စတဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တွေကို ကောက်ယူကာ Database စနစ်ထဲ ထည့်သွင်းတာ ဖြစ်ပါတယ်။
Unique ID ကို စိစစ်ရေးကတ်တွေ၊ ပတ်စပို့တွေ၊ ဖုန်း SIM ကတ်တွေ၊ ဘဏ်အကောင့်တွေမှာ မဖြစ်မနေ ချိတ်ဆက်ခိုင်းခြင်းဖြင့် လူတစ်ဦးချင်းစီရဲ့ ခရီးသွားလာမှု၊ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေရဲ့အသက်၊ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို Unique ID ဒေတာဘေ့စ်မှတစ်ဆင့် လွယ်ကူစွာ စိစစ်ပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထား ရှာဖွေရာမှာ အသုံးချနေတယ်လို့ သိရပါတယ်။
အလားတူ CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေရဲ့ Unique ID၊ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ မြို့ဝင်/ထွက် ဂိတ်တွေနဲ့ လေဆိပ်တွေမှာ Unique ID မှတစ်ဆင့် ကိုယ်ရေးအချက်အလက် စစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။



















































