အောက်တိုဘာ-၉၊၂၀၂၆။ရောင်နီ/People’s Spring
ပြည်သူတွေကြားမှာ အသုံးများတဲ့ ဓာတ်ဆီ ၊ ဒီဇယ်ဈေးတွေ ၃ပတ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ပရီမီယံဒီဇယ်ဈေးအနည်းငယ်ကျသွားတယ်လို့ စက်သုံးဆီဈေးကွက်ကနေ သိရပါတယ်။
စစ်တပ်လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့(အောက်တိုဘာ၉) ရည်ညွှန်းဈေးအရ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ 92 တစ်လီတာ ၄၅၉၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄၇၇၀ကျပ် ၊ ဒီဇယ်တစ်လီတာ ၅၀၀၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၅၇၅ ကျပ် သတ်မှတ်ထားပါတယ်။
အဲဒီဈေးနှုန်းတွေအရ ရန်ကုန်မြို့ လက်လီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်ဆီ 92 တစ်လီတာ ၅၅ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄၀ ကျပ် နဲ့ ဒီဇယ်တစ်လီတာ ၁၈၅ ကျပ် မြင့်တက်ခဲ့ပြီး ပရီမီယံဒီဇယ်ကတော့ တစ်လီတာ ၂၂၀ ကျပ်ကျဆင်းခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စက်သုံးဆီဈေးက ၆၀၀ ကျော်မြင့်တက်ခဲ့တာပါ။
စက်သုံးဆီဈေးတွေ မြင့်တက်လာတာကြောင့် အငှားယာဉ် မောင်းတွေအနေနဲ့ ကားခတောင်းရတာ အဆင်မပြေမှုတွေရှိတယ်လို့ ပြောပါတယ်။
“အခုနောက်ပိုင်း လက်တားက မရှိသလောက်ပဲ။ Grab နဲ့မောင်းတော့လည်း ဈေးနှုန်းနဲ့ သူတို့ကို ၂၀ ရာခိုင်နှုန်းပေးရတာနဲ့ ဘာမှမကျန်ဘူး” လို့ တက္ကစီယာဉ်မောင်းတစ်ဦးကပြောပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့ပါတယ်။



















































