အောက်တိုဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က သဘာ၀ဘေးသင့် ပြည်သူတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လောင်းလုံးမြို့နယ် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလအတွင်းက ရေကြီး မြေပြိုမှုတွေကြောင့် ဘေးဒုက္ခကြုံခဲ့ရတဲ့ ကျေးရွာတွေအရော ဆေးဝါးကုသရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာကို လောင်းလုံးပကဖက မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။
လောင်းလုံးပကဖ ရဲဘော်တွေဟာ သဘာ၀ ဘေးကြုံနေရချိန်ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement
တဖက်မှာ အာဏာသိမ်းစစ်တပ်ဟာ လောင်းလုံးမြို့နယ် အပါအဝင် တနင်္သာရီတိုင်းအတွင်း သဘာ၀ ဘေးသင့်ဒေသတွေကို ကူညီတာ မရှိတဲ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ လဆန်းမှာ လောင်းလုံးမြို့နယ် ညင်းမော်ရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသတွင်းရှိ PDF တပ်ဖွဲ့က တပ်ဆုတ်ပေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရချိန် ထိတွေမှု မဖြစ်စေဖို့ ခေတ္တနောက်ဆုတ်ပေးခဲ့တာဖြစ်ကြောင်း PDF နည်းဗျူဟာ ၃၃ က အသိပေးခဲ့ပြီး ရှေ့ဆက်တိုးလာရင် ပြင်းထန်စွာ အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။
အလားတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ကလည်း သဘာ၀ဘေး မကူညီဘဲ စစ်နယ်မြေ တိုးချဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို လက်တုန့်ပြန်သွားမယ်လို့ ထုတ်ပြန်ထားသလို စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကို အလေးထား ဂရိုစုက်ဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။
စစ်တပ်ဟာ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေအတွင် စစ်ကြောင်းထိုးတာ လေယာဉ်ဗုံးကြဲတာ လက်နက်ကြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်လို့ သရက်ချောင်းမြို့နယ်မှာ အရပ်သား ပြည်သူအချို့ သေဆုံးမှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က အသိပေးထားပါတယ်။



















































