အောက်တိုဘာ ၁၀၊ ၂၀၂၆။ ဇေအောင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။
လွိုင်လင်ခရိုင်က ရုံးအဆောက်အဦးဝင်းတစ်ခုမှာ အောက်တိုဘာ ၈ ရက်က စစ်တပ်လက်အောက်ခံ ပျူစောထီးခေါ် ပြည်သူ့စစ်တွေက အမျိုးသား ၁ဦးကို ကားပေါ်ဆွဲတင်နေတဲ့ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသားဖြစ်သူကို ဖမ်းဆီးသွားလို့ ၎င်းရဲ့အမျိုးသမီးဆိုသူဟာ ငိုကြွေးရင်း လိုက်လံတောင်းပန်နေတာကိုလည်း ရုပ်သံမှာ မြင်တွေ့ရပါတယ်။
“ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ရပ်ကွက်၂ စည်ပင်တန်းလျားမှာပါ။ စည်ပင်ဝန်ထမ်းမလေးရဲ့ ယောကျာ်းပါ”လို့ ဖြစ်စဥ်ကို သိမြင်လိုက်သူ ဒေသခံတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ပင်လုံံမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲတွေဟာ နေ့ခင်းမှာတင် လူနေရပ်ကွက်တွေထဲ နေအိမ်ပေါ်အထိတက်ကာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၉)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။



















































