လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။
ပိုးဟပ်ပြည်သူ့ပါတီ (CJP)လို့ နာမည်ပေးထားတဲ့ နိုင်ငံရေး လှုပ်ရှားမှု အင်အားစုနဲ့ တခြား လူငယ်အစုအဖွဲ့တွေက အောက်တိုဘာ ၁၀ ရက်နေ့တုန်းက နယူးဒေလီ မြို့တော်မှာ စုဝေးပြီး အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဂျန်နက်ရှ် ကူးမားကို ဆန္ဒပြဖို့ လှုံဆော်ထားကြပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေ မတိုင်ခင်မှာ အိန္ဒိယ အာဏာပိုင်တွေက အခုလိုမျိုး လူပေါင်း ထောင်နဲ့ချီပြီး လိုက်လံရှာဖွေ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဟာ အထူးအလေးထား ပြန်လည်သုံးသပ်မှု (SIR)ဆိုတဲ့ အစီအမံ အောက်ကနေ မဲပေးပိုင်ခွင့်ရှိသူ သန်းပေါင်း ၁၃၀ လောက်ကို မဲစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ဟာ အာဏာရ ဘာရတ်တီရာ ဂျန်နက်တာ ပါတီ (BJP)ကို ရွေးကောက်ပွဲမှာ အသာစီးရအောင် အကူအညီ ဖြစ်စေခဲ့တယ်လို့ အတိုက်အခံ အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေက ကူးမားကို ရာထူးကနေ တာဝန်ယူ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ဒေလီမြို့တော်မှာရှိတဲ့ ဆန္ဒပြသူတွေ စုဝေးလေ့ရှိရာ ဂျန်တာ မန်တာ ဧရိယာမှာ လူပေါင်း ထောင်သောင်းချီ လူစုကြဖို့ ဆော်ဩ လှုံ့ဆော်ထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို မနက်အစောပိုင်းမှာ ကတည်းက ရဲတွေက ပိတ်ဆို့ထားလိုက်ပါတယ်။ ဒေလီမြို့ထဲမှာလည်း ရဲနဲ့ပြည်သူ့စစ် အင်အား ထောင်နဲ့ချီ ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။ တခြားဒေသတွေကနေ ဒေလီဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရထား ခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး မက်ထရို ဘူတာရုံတွေ၊ စျေးတွေလည်း ပိတ်ထားပါတယ်။ ဒါ့အပြင် မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုပါ ဖြတ်တောက်ထားလိုက်ပါတယ်။

Public Service Announcement
အဲဒီအခြေအနေဟာ ဒေလီကို အလုံးစုံ အလုံပိတ်ထားသလို ဖြစ်သွားစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါ့အပြင် ရဲတွေဟာ CJPကို ထူထောင်သူ အဘီဂျိ ဒစ်ပ်ကီကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ သူ့ရဲ့ အဓိက လက်ရုံးတွေလို့ ဆိုနိုင်တဲ့ ဆူယာရက်ဗ် ဒါးစ်နဲ့ အရှူတော့ရှ် ရန်ကာတို့လည်း အဖမ်းခံရပါတယ်။ သူတို့ဟာ မွမ်ဘိုင်းမြို့ကနေ ဒေလီဆီ ရောက်ရှိလာတဲ့ လေယာဉ်ပေါ်မှာပဲ အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဒစ်ပ်ကီက Instagramမှာ ဗီဒီယိုတစ်ခု တင်ထားရာမှာတော့ Air India လေကြောင်းလိုင်း လေယာဉ်က လေဆိပ်မှာ ဆိုက်ကပ်ပြီးတဲ့နောက် ရဲတွေ တက်လာတာကို တွေ့ရပါတယ်။ သူက အဖမ်းခံရတော့မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရဲတွေကို သူလုံးဝ မကြောက်ကြောင်း ဒစ်ပ်ကီက ပြောကြားထားပါတယ်။
ဒေလီမြို့တော် ရဲတပ်ဖွဲ့ဟာ CJPရဲ့ တခြားထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ အခုလိုမျိုး ဖြိုခွင်းမှုတွေ ရှိခဲ့တာကြောင့် ဒေလီမှာ လူစုလူဝေးနဲ့ ဆန္ဒပြမှုကြီး ဖြစ်မလာပေမယ့် မြို့ရဲ့ အစိတ်အပိုင်း တချို့မှာ ပိုမိုသေးငယ်တဲ့ ဆန္ဒပြ ချီတက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူသိများတဲ့ လက်မှုထုတ်ကုန်စျေး ဒီလီဟတ်မှာလည်း ချီတက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြဖို့ စုဝေးသူတွေနဲ့ ဆန္ဒပြပွဲကို သတင်းယူတဲ့ ဂျာနယ်လစ်တွေကိုပါ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့သုံး ဘတ်စ်ကားတွေနဲ့ ခေါ်ယူသွားပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းသူတစ်ဦးကတော့ ဒီလုပ်ရပ်တွေက အိန္ဒိယမှာ အာဏာရှင်တွေ ကြီးစိုးနေတယ် ဆိုတာကို ထင်ရှား မြင်သာစေခဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ BJPဟာ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကိုယ်စား ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို ခိုးယူခဲ့သလို နေ့ခင်းကြောင်တောင်၊ နိုင်ငံရဲ့ မြို့တော်မှာတင် ဒီမိုကရေစီကို နှိပ်ကွပ် သတ်ဖြတ်နေကြောင်း စွပ်စွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေကို အစိုးရက ဖမ်းဆီး ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ အတိုက်အခံ ခေါင်းဆောင် မာလီကာဂျွန် ခါဂျီကလည်း မိုဒီကို ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။
ကိုးကား: Al Jazeera



















































