Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီရဲ့ မြို့တော်က နိုင်ငံတကာ လေဆိပ်ကို ဟိုသီတွေ နှစ်ရက်ဆက်တိုက် တိုက်ခိုက်

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့တော်က နိုင်ငံတကာ လေဆိပ်ကို ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦးသေပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့တော်က နိုင်ငံတကာ လေဆိပ်ကို ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦးသေပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့တုန်းက အီရန် ကျောထောက်နောက်ခံပြုထားပြီး ယီမင်နိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ဟိုသီတွေက ဘုရင်ခါလစ်ဒ် နိုင်ငံတကာ လေဆိပ်ကို ဒရုန်း၊ ဒါမှမဟုတ် ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှု မတိုင်ခင်တစ်ရက်အလို အောက်တိုဘာ ၁၀ ရက်မှာလည်း အဲဒီလေဆိပ်ကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ယီမင်ပြည်တွင်းစစ်မှာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရဖက်က ရပ်တည်ပြီး ဟိုသီတွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် အဖွဲ့က ဆော်ဒီလေကြောင်းကာကွယ်ရေး ယူနစ်တွေဟာ လေဆိပ်ဆီ ဦးတည်ပျံသန်းလာတဲ့ နောက်ထပ် ခရုစ်ဒုံးကျည် တစ်စင်းကိုလည်း ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ကြေညာပါတယ်။ နောက်ပြီး ဆော်ဒီ အရှေ့ပိုင်းကို လေပိုင်နက် ကျူးကျော် ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကိုလည်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဆော်ဒီတောင်ပိုင်းက အက်ဘ်ဟာဒေသမှာလည်း အောက်တိုဘာ ၁၂ ရက်နေ့ မနက်အစောပိုင်း အရုဏ်မတက်ခင်က လေကြောင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရင်ခါလစ်ဒ် နိုင်ငံတကာ လေဆိပ်ကို ဟိုသီတွေက ၂ ရက်ဆက်တိုက် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တာက ဆော်ဒီရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်မှာ ယိုပေါက်တွေ၊ လစ်ဟာမှုတွေ ရှိနေတာကို မြင်သာစေခဲ့ပါတယ်။

ဆော်ဒီအစိုးရ ရုပ်မြင်သံကြား ဌာနက ထုတ်ပြန်တဲ့ မှတ်တမ်း ဗီဒီယိုမှာတော့ လေဆိပ်မှာ ဝတ်ပြုခရီးသည်တွေ တန်းစီနေတုန်း ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး အပျက်အစီးတွေ ပြိုကျလာပုံကို ပြသထားပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း လေဆိပ်ကိုလည်း ယာယီ ပိတ်ထားခဲ့ရပါတယ်။

ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ ယာဟ်ယာဆာရီကတော့ ရီယတ်ဒ်မြို့က လေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ ဟိုသီတွေရဲ့ လက်ချက်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီ အရှေ့ပိုင်းက ဒမ်မန်းမှာရှိတဲ့ လေဆိပ်တစ်ခုနဲ့ Saudi ရေနံလုပ်ငန်းစုကြီး Aramcoရဲ့ ရေနံချက်စက်ရုံ နှစ်ခုကိုလည်း အောက်တိုဘာ ၁၁ ရက်နေ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဆော်ဒီ အစိုးရရော၊ Aramcoကပါ သီးခြားမှတ်ချက် မပေးသေးပါဘူး။

အစောပိုင်းမှာ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် တပ်ပေါင်းစုက အရပ်ဖက် နိုင်ငံတကာ လေဆိပ်တွေကို တိုက်ခိုက်တဲ့ ဟိုသီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ စွပ်စွဲ ပြောဆိုထားခဲ့ပါတယ်။

လဆန်းပိုင်းမှာ ဆော်ဒီ အာပေးထောက်ခံတဲ့ ယီမင်အစိုးရ တပ်တွေက ဟိုသီတွေအပေါ် ထိုးစစ်ဆင်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတဲ့နောက် ဟိုသီတွေကလည်း ဆော်ဒီပိုင်နက်ထဲက လေယာဉ်ကွင်းတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ချဲ့ထွင်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့ လေဆိပ် တိုက်ခိုက်မှုဟာ ဟိုသီ ပြောက်ကျားတွေရဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေအပေါ် အကြီးစား ထိုးစစ်ကြီးတစ်ခု စတင်ဆင်နွှဲ တိုက်ခိုက်နေပြီလို့ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်နီ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် ဆော်ဒီအာရေးဘီးယားဟာ ဟိုသီ ပြောက်ကျားတွေအပေါ် အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook