အောက်တိုဘာ ၁၂၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ပေါက် နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ ကာကွယ်ရေးအဖွဲ့တချို့က လူထုနွေဦးကို ပြောပါတယ်။
ပေါက်မြို့နယ် ယာကြီးပြင် ပျူစောထီးကျေးရွာကနေ ထွက်ပြေးလာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
” ယာကြီးပြင် ပျူစောထီးရွာကနေ ပျူတွေပြေးလာတာရှိတယ်။မနေ့က(အောက်တိုဘာ ၁၁ ရက်) ပါပဲ”လို့ ပေါက်နဲ့မြိုင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ပျူစောထီးတွေ ထွက်ပြေးလာတာ မှန်ကန်ပြီး တော်လှန်ရေးတပ်တွေ ထိန်းသိမ်းထားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာ၀န်ရှိသူက အတည်ပြုပါတယ်။
“လောလောဆယ်တော့ ပေါက်နဲ့မြိုင်တော်လှန်ရေး တပ်တွေကိုတော့ သတင်းပို့ထားတာရှိပါတယ်။အရေအတွက်နဲ့ ဘယ်မှာထားတယ်ဆိုတာကိုတော့ မြေပြင် အခြေအနေအရ မပြောနိုင်သေးပါဘူး။သူတို့ကို စစ်မေးရမှာတွေလည်း ရှိသေးလို့ပါ”လို့ သူက ပြောပါတယ်။
လက်ရှိစစ်ရေးအရလည်း ပေါက်-မြိုင် ဒေသအစပ် တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ သူက အသိပေးပါတယ်။
“ရေနံမြေရောက်နေတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစု၊ စုဖွဲ့မှု အားလုံးက ဝိုင်းပတ် ပိတ်ဆို့ပြီးတော့ ထိုးစစ်ဆင်နေပါတယ်။လေကြောင်းကလည်း ငါးရက်၊ဒီနေ့ နဲ့ဆို ခြောက်ရက်ဆက်တိုက်။Y 12၊ဂျက်၊ဂျိုင်ရိုကော်ပတာ၊Mi 35 ၊ပါရာမော်တာ ဒါတွေက နေ့စဉ် ကိုယ့်ဘက်က ထိုးစစ်ပြင်လိုက်တဲ့ကာလအတွင်းမှာ တောက်လျှောက်လာနေပါတယ်”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ပြိးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးကျေးရွာမှာ တပ်စွဲထားတာ ၂လ နီးပါးရှိနေပြီဖြစ်ပါတယ်။
ဝဲတမ်း၊ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်းတွေဆက်လည်ပတ်နေတာပါ။
တဲကြီးရွာအနီးက ရေနံမြေလုပ်ကွက် ၁၀၀ကျော် အပါအ၀င် ပခုက္ကူဒေသက ရေနံတွင်း ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာနောက်ဆုံးပတ်မှာ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းက တဲကြီးကျေးရွာမှာ တပ်မစွဲခင်အထိ ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။



















































