အောက်တိုဘာ-၁၃၊ ၂၀၂၆။ မိထက်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင့်စန်းကျောနယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းမြို့ကြားက ဒေသခံတွေ သွားရောက်လည်ပတ်မှုများတဲ့ရေပြာအိုင်မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးသွားပါတယ်။
အောက်တိုဘာ ၁၁ရက်က ရေပြာအိုင်ကို သွားရောက်လည်ပတ်တဲ့သူတွေအနက် အသက် ၁၈နှစ်နဲ့ အသက်၂၀အရွယ်လူငယ်နှစ်ဦးဟာ ရေဆင်းကူးရင်း နစ်မြုပ်သေဆုံးသွားတာလို့ဒေသခံတွေက ပြောပါတယ်။ ရေနစ်သေဆုံးသူတွေရဲ့ အခြားအချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဖြစ်စဉ်ဖြစ်ပွါးအပြီးကတည်းက ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့် ဒီနေ့ အောက်တိုဘာ ၁၃ရက် မနက်ပိုင်းမှ ရုပ်အလောင်းနှစ်ခုစလုံးရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ဒီရေပြာအိုင်က နက်လည်းနက်တယ်။ ရေတံခွန်ရှိတော့ လာလည်ကြတဲ့သူတွေများတယ်။ အိုင်က ချောက်တွေရှိတယ်။ မသိတဲ့သူတွေအတွက် အန္တရာယ်အရမ်းများတယ်”လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ပန်ဆိုင်းမြို့ကိုလည်း MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။



















































