ဇူလိုင်၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။
မူဆယ်မြို့ပေါ်မှာရှိတဲ့ KTV တစ်ခုမှာ ဇူလိုင် ၂၂ ရက် ညက ဖြစ်ခဲ့တာပါ။
“ဆေးလွန်ပြီး သေတာ။ ၃ယောက် ဆေးလွန်တာ သေဆုံးတာက ၂ယောက်ဗျ။ ၁ယောက်ကိုကျ မူဆယ်ဆေးရုံကနေ တရုတ်ဘက်ကိုလွှဲတာ။ ဒါပေမယ့် တရုတ်က လက်မခံဘူး ပြန်ပို့တယ်”လို့ မူဆယ်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
အဲ့ဒီအမျိုးသား ၃ဦးဟာ KTV မှာရတဲ့ Ketamineလို့ လူသိများတဲ့ မေ့ဆေးကို မူးယစ်ဆေးအဖြစ် သုံးတာကနေ ဆေးလွန်တာလို့ သိရပါတယ်။
” K ကိုသုံးရင် မသေရင်တောင် ကိုယ်တွင်းကလီစာတွေရော၊ ဦးနှောက်ပါ ထိတယ်။ မူဆယ်မှာတော့ပေါပေါများများရနေပြီ။ ပြည်သူ့စစ်က ဖြန့်ပြီး စစ်တပ်နဲ့ ရဲက ပေါင်းစားနေတာ”လို့ မူဆယ်မြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ယခု လူ ၂ဦးသေဆုံးမှုဖြစ်တဲ့ KTVဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ဖွင့်ထားတာဖြစ်ပြီး မူဆယ်မြို့နယ်မှာ မူးယစ်ဆေးဝါးပေါပေါများများရတဲ့ KTVတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေအားလုံးဟာ စစ်တပ်နဲ့ပတ်သက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မူဆယ်မြို့က KTVမှာ မူးယစ်ဆေးဝါးသုံးရင်း လူသေဆုံးမှုဖြစ်တဲ့သတင်းဟာ တရုတ်ရဲတပ်ဖွဲ့နဲ့ ရွှေလီမြို့နယ်အုပ်ချုပ်ရေးပိုင်းကိုလည်း ရောက်ရှိသွားပြီလို့ မူဆယ်နဲ့ရွှေလီမြို့မှာနေထိုင်နေသတင်းရင်းမြစ်တွေက ပြောပါတယ်။။
” ဆေးလွန်နေတဲ့သူကို ရွှေလီဆေးရုံပို့ဖို့ နယ်စပ်ကိုဖြတ်တာ။ တရုတ်ရဲကလက်မခံဘူး။ ဒါတွေကို တရုတ်အစိုးရသိမှာ။ သတင်းတက်မှာ။ အခုကကျတော့ ကျားဖြန့်တွေကိုစစ်တပ်က ဟန်ပြလိုက်ဖမ်းနေတယ်”လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်အစိုးရထံ သတင်းပေါက်ကြားသွားမှာစိုးတဲ့စစ်တပ်က မူဆယ်မြို့ကကျားဖြန့်ရုံတွေ၊ KTV တွေကို ဝင်ရောက်စီးနင်းနေတယ်လို့လည်း မြို့ခံအချို့က ပြောပါတယ်။
ယမန်နေ့ ဇူလိုင် ၂၄ရက်မနက်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်က ကျားဖြန့်ရုံတွေကို စစ်တပ်က ဝင်ဖမ်းခဲ့ပါတယ်။ အဲဒီဖမ်းဆီးတဲ့ဖြစ်စဉ်မှာ တရုတ်နိုင်ငံသား ၁၇ဦးနဲ့ မြန်မာ ၄၀ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

















































