ဘူလ်ဂေးရီးယား ကမ်းလွန် ပင်လယ်နက် ရေပြင်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်ဖက် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ တစ်နေ့တည်းမှာတင် ဘူလ်ဂေးရီးယား ကမ်းလွန်မှာ ရေယာဉ်နှစ်စီးကို ဒရုန်းတွေ ထိမှန်ခဲ့ပြီး တစ်စီးက နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေကို ရုရှားက စေလွှတ်တာလို့ အတိအကျ မစွပ်စွဲပေမယ့် ရလဒ်ကတော့ သင်္ဘောတွေ ထိခိုက်နစ်မြုပ်တဲ့ ရလဒ်ကတော့ ရုရှားကို အကျိုးရှိစေတယ်လို့ ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် ရူမန် ရာဒက်ဗ်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဒရုန်းတိုက်ခိုက်မှုကြောင့် ဘူလ်ဂေးရီးယား အရှေ့ဖက် ကမ်းခြေမှာ တစ်ပတ်အတွင်း ဒုတိယမြောက် ကုန်တင်သင်္ဘော နစ်မြုပ်မှုလည်း ဖြစ်လာပါတယ်။ အောက်တိုဘာ ၆ ရက်နေ့တုန်းကလည်း အဲဒီ ပင်လယ်နက် ရေပြင်နားမှာပဲ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လူအသေအပျောက်တွေ ဖြစ်ခဲ့ပါတယ်။
အခုလို ဖြစ်နေတာတွေက လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ ဘူလ်ဂေးရီးယား ရေပိုင်နက်ရဲ့ ကမ်းလွန်ရေပြင်လောက်မှာတင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ထပ်ပြီး ကြုံခဲ့တာဖြစ်ကြောင်း ရာဒက်ဗ်က ပြောပါတယ်။ ယူကရိန်းနဲ့ ဥရောပ သမဂ္ဂ (EU)တို့ကလည်း အခုတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

Public Service Announcement
EUရဲ့ နိုင်ငံရေး အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်ရဲ့ အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်က ပင်လယ်နက်ဟာ ယူကရိန်း စစ်ပွဲကို ချဲ့ထွင်ချင်နေတဲ့ ရုရှားရဲ့ နောက်ထပ် စစ်မြေပြင်သစ်တစ်ခု ဖြစ်လာနေကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက ရုရှားဟာ အရပ်သား ပြည်သူတွေရဲ့ အသက်တွေကို လုံးဝ တန်ဖိုးမထားဘူးဆိုတာ နောက်တစ်ကြိမ် ပြသလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပင်လယ်နက် ဆိုတာက ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပင်မသွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်ကြောင်း၊ အဲဒီရေပြင်မှာ ရုရှားက တိုက်ခိုက်မှုတွေ လုပ်နေတယ် ဆိုတာက ဆာလောင်မွတ်သိပ်မှုကို လက်နက်အဖြစ် အသုံးချပြီး ကမ္ဘာကြီးကို ဓားစာခံ ဖြစ်လာအောင် တွန်းပို့နေတာနဲ့ တူကြောင်း သူက ဆိုပါတယ်။
ဘူလ်ဂေးရီးယား ဝန်ကြီးချုပ်ဟာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့လည်း ဖုန်းပြောခဲ့ပြီး နိုင်ငံရဲ့ ကမ်းလွန်ပင်လယ်မှာ ဝေဟင်နဲ့ ရေပြင် ကင်းထောက်မှုတွေ ပံ့ပိုးပေးဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။ ဂီနီယာ-ဘစ်ဆောအလံ လွှင့်ထူထားတဲ့ HS Dignity သင်္ဘော နစ်မြုပ်သွားတဲ့နောက် သင်္ဘောသား ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၁၁ ဦး ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း ဆောင်ရွက်နေတယ်လို့ ဘူလ်ဂေးရီးယား အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Chelsea-3ဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးဟာလည်း အောက်တိုဘာ ၁၃ ရက်နေ့က ဒရုန်းသုံးစီး ထိမှန်တာကို ခံခဲ့ရပါတယ်။ Chelsea-3ရဲ့ သင်္ဘောသားတွေဖြစ်တဲ့ ယူကရိန်း ၇ ဦးနဲ့ အဇာဘိုင်ဂျန် ၈ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သင်္ဘောနစ်မြုပ်မှုမှာတော့ ဆီးရီးယား သင်္ဘောသား ၉ ဦးနဲ့ အီဂျစ် ၁ ဦးတို့ ပျောက်ဆုံးခဲ့ပါတယ်။
ဘူလ်ဂေးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ရုရှား သံအမတ်ကြီး အီလော်နိုရာ မီထရိုဖာနိုဗာကို ဆင့်ခေါ်ပြီး ပင်လယ်နက်ထဲက ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မီထရိုဖာနိုဗာက ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပင်လယ်နက်ထဲက စစ်ရေးလှုပ်ရှားမှု သတင်းတွေ ရမထားဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကြားလူ သွေးထိုးလှုံ့ဆော်မှု တစ်ခုခုလည်း ရှိကောင်း ရှိနိုင်တယ်လို့ ဘူလ်ဂေးရီးယား အစိုးရက ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
ယူကရိန်းဟာ ကမ္ဘာပေါ်မှာ ဂျုံနဲ့ ကောက်ပဲသီးနှံ အများဆုံး တင်ပို့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အဲဒီပို့ကုန်တွေအတွက် ပင်လယ်နက် ရေလမ်းကြောင်းကို အကြီးအကျယ် မှီခိုထားရပါတယ်။ အဲဒီရေလမ်းကြောင်းကို တိုက်ခိုက်ခြင်းဟာ ယူကရိန်းရဲ့ ဝင်ငွေရပေါက်ရလမ်းကို ထိခိုက်စေနိုင်တာကြောင့် အခုလုပ်ရပ်ဟာ ရုရှားလက်ချက်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာပါ။ တစ်ဖက်မှာလည်း ယူကရိန်းဟာ ရုရှားရဲ့ ရေနံတွေကို လျှို့လျှို့ဝှက်ဝှက် သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတွေကို ပင်လယ်နက် ရေပြင်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
ကိုးကား: Reuters



















































