Connect with us

Hi, what are you looking for?

ဆောင်းပါး

ပြိုလဲနေသော နိုင်ငံအောက်မှ ရှင်သန်နေသော လူသားချင်းစာနာမှုကွန်ရက်များ

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ

(အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေ။ ဓါတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)

ရတနာ ရေးသားသည်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေးပြိုလဲမှုတွေဟာ ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်မှုကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ၊ အခက်ခဲဆုံးအချိန်တွေမှာ ပြည်သူတွေကို ကူညီပေးဖို့ တည်ဆောက်ထားတဲ့ လူသားချင်းစာနာမှုစနစ်တွေကိုပါ အကြီးအကျယ် အားနည်း ပြိုကွဲစေခဲ့ပါတယ်။

အခုအခါ စစ်ဘေး၊ ဆင်းရဲမွဲတေမှုနဲ့ အိုးအိမ်စွန့်ခွာနေရမှုတွေကြားက ပြည်သူသန်းပေါင်းများစွာအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ အားထားနေရတာက ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ တရားဝင် လူသားချင်းစာနာမှုအကူအညီပေးရေးယန္တရားများသာ မဟုတ်တော့ဘဲ၊ ကိုယ့်ဒေသက ကိုယ့်လူထုတွေကိုယ်တိုင် ဖန်တီးထားတဲ့ ကူညီရေးကွန်ရက်တွေ ဖြစ်လာနေပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့ စစ်ရေးရိုက်ခတ်မှုတွေရဲ့ အကျိုးဆက်ဟာ လူသားချင်းစာနာမှုလိုအပ်ချက်တွေကို များပြားလာစေရုံသာမက အဲဒီ အကူအညီတွေကို ပေးပို့ဖို့ တည်ဆောက်ထားတဲ့ စနစ်တစ်ခုလုံးကိုပါ အကြီးအကျယ်ပြောင်းလဲသွားစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ တာဝန်ခံမှုနဲ့ စွမ်းဆောင်ရည် တိုးတက်ရေးအတွက် လေ့လာသင်ယူမှုကွန်ရက် (ALNAP) ရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှု စနစ်၏ အခြေအနေ” အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဟာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ လုပ်ငန်းစဉ်တွေ အားနည်းတာကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ နိုင်ငံရေးအာဏာ၊ အကူအညီတွေ ရောက်ရှိနိုင်ခွင့်နဲ့ ဘယ်သူတွေကို တရားဝင်အသိအမှတ်ပြုမလဲဆိုတဲ့ ပြဿနာနဲ့ ပိုမိုဆက်နွယ်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ (INGOs) နဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို ကဏ္ဍအလိုက် စုစည်းညှိနှိုင်းပေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစနစ်တွေ ပါဝင်တဲ့ တရားဝင် လူသားချင်းစာနာမှုစနစ်ဟာ သိသိသာသာ ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) ထိန်းချုပ်ထားတဲ့ နယ်မြေတွေထိ အကူအညီတွေ ရောက်ရှိဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လက်လှမ်းမီမှုဟာ ပိုမိုခက်ခဲကျဉ်းမြောင်းလာခဲ့ပါတယ်။ စစ်တပ်က တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဒေသတွေကို နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုအကူအညီအပါအဝင် ဘယ်လိုအကူအညီမှ ဝင်ရောက်ခွင့်မပေးဘဲ ဖြတ်လေးဖြတ် လုပ်ထားလေ့ရှိပါတယ်။

ဒီလိုနဲ့ တရားဝင် လူသားချင်းစာနာမှုစနစ်တွေ မရောက်ရှိနိုင်တော့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အဓိက အားထားရာတွေဟာ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်ပရောက် မြန်မာကွန်ရက်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုကူညီရေးအဖွဲ့တွေ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ရဲ့ အစီအစဉ်တွေ ဆိုင်းငံ့သွားခြင်းဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရန်ပုံငွေလမ်းကြောင်းတစ်ခုကို ထိခိုက်စေခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ကူညီနေတဲ့ အဖွဲ့တွေမှာ ရန်ပုံငွေမတည်ငြိမ်မှု၊ လုပ်ငန်းဆက်လက်နိုင်ရေး အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေက မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုလုပ်ငန်းတွေ ရပ်တန့်သွားတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

နိုင်ငံတကာ အဖွဲ့အစည်းများ ဆုတ်ခွာသွားတဲ့ ဒေသတွေမှာ ဒေသခံလူထုတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ကူညီရေးစနစ်အသစ်တွေကို တည်ဆောက်လာခဲ့ကြပါတယ်။ ဒီလိုလုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဒေသခံ အဖွဲ့အစည်းများစွာ ရှိနေပေမယ့် ရန်ပုံငွေများကို တိုက်ရိုက်ရရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ALNAP က အထူးအလေးထားဖော်ပြထားတဲ့ အချက်တစ်ခုကတော့ “ဒေသခံတွေထံ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးရေး (Localisation)” ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း လူသားချင်းစာနာမှုအသိုင်းအဝိုင်းမှာ ဒေသခံအဖွဲ့အစည်းတွေကို ပိုမိုဦးဆောင်ခွင့်ပေးဖို့ ကတိကဝတ်တွေ ရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ လက်တွေ့အခြေအနေက အဲဒီကတိတွေနဲ့ မကိုက်ညီသေးပါဘူး။

မြေပြင်အခြေအနေကို နားလည်ပြီး လိုအပ်တဲ့နေရာကို အမြန်ဆုံး ရောက်နိုင်တဲ့ ဒေသခံအဖွဲ့တွေ ရှိနေသော်လည်း သူတို့ထံ အမှန်တကယ် လုပ်ပိုင်ခွင့်၊ ရန်ပုံငွေ ခွဲဝေပေးမှုများနဲ့ နိုင်ငံတကာစနစ်အတွင်း အသိအမှတ်ပြုခံရဖို့ ဖြစ်မလာနိုင်သေးပါဘူး။

ဒီအခြေအနေက မြန်မာနိုင်ငံမှာ ထူးခြားတဲ့ လူသားချင်းစာနာမှု ပုံစံတစ်ခု ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဲဒါကတော့ “ဖိအားပေးမှု၊ အကြမ်းဖက်မှုနဲ့ အခက်အခဲများကြားမှာ မလျှော့ဘဲ ရပ်တည် ရှင်သန်လာတဲ့ ခံနိုင်ရည်မှ ပေါ်ပေါက်လာသော လူသားချင်းစာနာမှု (Resistance Humanitarianism) ဖြစ်ပါတယ်။

ဒါဟာ စနစ်တကျ အကြမ်းဖက်မှုခံနေရတဲ့ ပြည်သူများအတွက် ရိုင်းပင်းကူညီမှု၊ ရှင်သန် ရပ်တည်နိုင်ရေးနဲ့ စာနာထောက်ထားမှုဆိုင်ရာ စေတနာများဖြင့် ကူညီပေးနေခြင်း ဖြစ်ပါတယ်။

ဒီပုံစံမှာ လူသားချင်းစာနာမှုဟာ အရေးပေါ်အကူအညီပေးခြင်းတစ်ခုတည်း မဟုတ်တော့ဘဲ ဒီအခြေအနေကို ကြံ့ကြံ့ခံပြီး ပြည်သူတွေရဲ့ ရှင်သန်နိုင်ရေး၊ ပညာရေးဆက်လက်ရရှိရေး၊ လူမှုအသိုင်းအဝိုင်း မပြိုကွဲရေးနဲ့ ချိတ်ဆက်လာပါတယ်။

ဒေသခံအဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ ဆေးဝါး၊ အမိုးအကာတွေ ပံ့ပိုးပေးသလို ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ လူထုဝန်ဆောင်မှုတွေ ဆက်လက်ရရှိရေးအတွက်လည်း ကြိုးပမ်းလာကြပါတယ်။

ဒါဟာ လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ အစဉ်အလာအရ အခြေခံထားတဲ့ “ကြားနေမှု” ဆိုတဲ့ အယူအဆကို စိန်ခေါ်လာခဲ့ပါတယ်။

ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတဲ့ နေရာတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေးဟာ နိုင်ငံရေးအခြေအနေတွေနဲ့ လုံးဝခွဲခြားပြီး လုပ်ဆောင်နိုင်ပါသလားဆိုတဲ့ မေးခွန်းကို မြန်မာနိုင်ငံရဲ့ အတွေ့အကြုံက ထပ်မံပေါ်ပေါက်လာစေပါတယ်။

ALNAP ကတော့ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာလူသားချင်းစာနာမှုစနစ်အနေနဲ့ ဒေသအလိုက် နိုင်ငံရေး၊ လူမှုရေးနဲ့ အုပ်ချုပ်မှုပုံစံတွေကို နားလည်ပြီး ပိုမိုသင့်လျော်တဲ့ ချဉ်းကပ်မှုတွေ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက် ဒေသတွင်း အုပ်ချုပ်ရေး ပုံစံတွေကလည်း တစ်ပြေးညီ မဟုတ်ပါဘူး။

ကရင်နီ (ကယား) ပြည်နယ်မှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်မှုများပြီး တိုင်ပင်ဆွေးနွေးမှုအပေါ် အခြေခံတဲ့ ပုံစံတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီပုံစံဟာ ဒေသခံတွေရဲ့ တာဝန်ယူမှုနဲ့ ပါဝင်မှုကို အခြေခံထားတဲ့ အစားထိုးအုပ်ချုပ်မှုပုံစံတစ်ခုအဖြစ် မြင်တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စစ်တပ်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ၊ ခရီးသွားလာခွင့်နဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေ မြေပြင်အထိ ရောက်ဖို့က တကယ့်ကို မလွယ်ကူပါဘူး။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို စစ်ရေးအရ အသာစီးရရှိဖို့ လက်နက်သဖွယ် အသုံးချနေခြင်းကြောင့် တကယ် လိုအပ်နေသူများထံ အကူအညီများ အမှန်တကယ် ရောက်ရှိဖို့ ပိုမိုခက်ခဲလာနေပါတယ်။

ကရင်နီနဲ့ ရခိုင်တို့ရဲ့ ဒီကွာခြားချက်တွေက မြန်မာနိုင်ငံမှာ အကူအညီပေးရေးအတွက် တစ်နိုင်ငံလုံး ပုံစံတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ဘဲ ဒေသအလိုက် အခြေအနေကို နားလည်ဖို့ လိုအပ်နေကြောင်း ပြသနေပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ (Humanitarian–Development–Peace Nexus) ဟာလည်း မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်အရ အားနည်းပြိုကွဲသွားခဲ့ပုံရပါတယ်။

သို့သော် မြေပြင်မှာတော့ ဒေသခံအဖွဲ့အစည်းတွေက ဒီချိတ်ဆက်မှုကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆက်လက်တည်ဆောက်နေပါတယ်။

ပညာရေးကို ဆက်လက်ထိန်းသိမ်းပေးခြင်း၊ လူထုစားဝတ်နေရေးအတွက် ကူညီပေးခြင်း၊ ဘာသာရေးအဖွဲ့အစည်းတွေက အခြေခံဝန်ဆောင်မှုတွေ ပေးခြင်းတို့ဟာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြားက ဆက်စပ်မှုကို ပြသနေပါတယ်။

ဒါပေမယ့် ဒီကြိုးပမ်းမှုတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုနဲ့ အထောက်အပံ့ကို လုံလောက်စွာ မရရှိသေးပါဘူး။

ALNAP အစီရင်ခံစာ အဓိကထောက်ပြနေတာက မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဟာ စနစ်မရှိလို့ ဖြစ်လာတာ မဟုတ်ပါဘူး။ အဓိကပြဿနာက ဘယ်သူတွေက အကူအညီပေးခွင့် ရှိသလဲ၊ ဘယ်သူတွေကို အသိအမှတ်ပြုမလဲ၊ နိုင်ငံရေးအာဏာနဲ့ လူထုလိုအပ်ချက်ကြားမှာ ဘယ်လိုချိန်ညှိမလဲ ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ အခက်ခဲဆုံးအခြေအနေတွေကြားက ပြည်သူတွေနားမှာ အမှန်တကယ် ရပ်တည်ပေးနေသူ အများစုဟာ နိုင်ငံတကာစနစ်ရဲ့ အပြင်ဘက်မှာ လုပ်ကိုင်နေတဲ့ ဒေသခံ အဖွဲ့အစည်းတွေ ဖြစ်ပြီး အချို့နေရာများမှာတော့ ထိုအဖွဲ့အစည်း တစ်ခုတည်းသာရှိပါတယ်။

ဒီအဖွဲ့တွေကို မမြင်နိုင်ဘဲ၊ သူတို့ရဲ့ လက်ထဲကို တိုက်ရိုက် ရန်ပုံငွေမပေးနိုင်ဘဲ၊ သူတို့ရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာ မယူနိုင်ဘူးဆိုရင် နိုင်ငံတကာလူသားချင်းစာနာမှုစနစ်ဟာ စာရွက်ပေါ်က စံနှုန်းတွေနဲ့သာ ကိုယ့်ကိုယ်ကို တိုင်းတာနေပြီး မြေပြင်က ပြည်သူတွေရဲ့ အမှန်တကယ်ဘဝနဲ့ ပိုမိုဝေးကွာသွားနိုင်ပါတယ်။ ။

ကိုးကား – ALNAP (2026), The State of the Humanitarian System: Myanmar Country Report, ReliefWeb / UN OCHA.

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့မှာ ကျင်းပခဲ့ပြီး စစ်ရေး နဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။