အောက်တိုဘာ-၁၅၊ ၂၀၂၆။ မေရီ/People’s Spring
တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်နေရာကနေထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ရုပ်ရှင် တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာ ရွှေ့ဆိုင်းလိုက်ရကြောင်း ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ့် မြန်မာ သရဲရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Blind Box ဇာတ်ကားကို ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်လုပ်ရေးဘက်က ရုံမတင်ခင် တစ်ရက်အလိုမှာ အသိပေးကြေညာခဲ့ပါတယ်။
ထုတ်လုပ်ရေးဘက်က မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ အခက်အခဲအချို့ကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့သာ အသိပေးခဲ့ပါတယ်။ သို့သော် အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ Blind Box အရုပ်ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ စုဆောင်းအရုပ်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အတွင်း ယင်းအရုပ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားခြင်းကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။

Public Service Announcement
တရုတ်ကုမ္ပဏီတစ်ခုက ယင်းရုပ်ရှင်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံးက မြန်မာဘက်သို့ အကြောင်းကြားခဲ့ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြောဆိုပြီးနောက် ရုပ်ရှင်ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံရုပ်ရုင်အစည်းအရုံးတို့ ညှိနှိုင်းမှုကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။
Blind Box – ဘလိုင်းဘောက်ရုပ်ရှင်ဟာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က ရိုက်ကူးထားပြီး နေဝင်း၊ ပိုးမမှီသာ၊ မင်းဦး၊ အကယ်ဒမီ ချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်နဲ့ သားချောတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အလားတူ မနက်ဖြန်မှာ ရုံတင်မယ့် ဒါရိုက်တာဝိုင်းရဲ့ ပိုးဖလံမျိုးမို့ ရုပ်ရှင်မှာလည်း မင်းသမီးမိုးဟေကိုရဲ့ ဘွဲ့ဝတ်စုံအလွဲကြောင့် အဲဒီအခန်းကို ဖြတ်ထုတ်လိုက်ရကြောင်း သိရပါတယ်။
Blind Box ရုပ်ရှင်ထဲက အရုပ်ဟာ Labubu (လာဘူဘူ) အရုပ်ဖြစ်ပြီး လက်ရှိ ကမ္ဘာတစ်ဝန်းနဲ့ မြန်မာနိုင်ငံမှာပါ လူကြိုက်များ ရေပန်းစားနေပါတယ်။ Labubu (လာဘူဘူ) အရုပ်တွေဟာ ဟောင်ကောင်အခြေစိုက် ကာတွန်းဆရာနဲ့ အရုပ်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Kasing Lung က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ နာမည်ကြီး တရုတ်ဒီဇိုင်နာ အရုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Pop Mart နဲ့ လက်တွဲပြီး Blind Box ပုံစံတွေနဲ့ အရုပ်အဖြစ် စတင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ နာမည်ကြီး Blind Box အရုပ်တွေကို အဓိကထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကတော့ POP MART International Group ဖြစ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုအကြီးမားဆုံးကတော့ Labubu အရုပ်ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာအရ စုစုပေါင်းဝင်ငွေဟာ ယွမ် ၃၇.၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၈၅ ရာခိုင်နှုန်းခန့်အထိ တိုးလာခဲ့ပါတယ်။ အခွန်နဲ့ ကုန်ကျစရိတ်တွေနှုတ်ပြီး ကုမ္ပဏီအသားတင်အမြတ်က ယွမ် ၁၂.၇၈ ဘီလီယံ (ဒေါ်လာ ၁.၈၅ ဘီလီယံခန့်) ရှိခဲ့ပါတယ်။ အထူးသဖြင့် Labubu ပါဝင်တဲ့ The Monsters အရုပ်အမျိုးအစားတစ်ခုတည်းက ဝင်ငွေ ယွမ် ၁၄.၁၆ ဘီလီယံ ရရှိခဲ့တယ်လို့ ဈေးကွက်သုတေသနအချက်အလက်တွေအရ သိရပါတယ်။

















































