အိန္ဒိယက ဘာသာရေး ပွဲတော်တစ်ခုမှာ လူအများ တိုးဝှေ့ကြ၊ အချင်းချင်း နင်းမိကြလို့ ၁၇ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က ကိုလ်ကတ္တားမြို့က ဒူအာဂါပူဂျာ ဟိန္ဒူဘာသာရေး ပွဲတော် ကျင်းပနေတုန်း အခုလို ဖြစ်ရပ်ဆိုး ကြုံခဲ့တာလို့ ဆိုပါတယ်။
ပွဲတော်ချိန်မှာ ရုတ်တရက် မိုးရွာချလာတော့ လူစုလူဝေးကြီးက မိုးခိုဖို့နေရာ အပြေးအလွှား ရှာကြရင်း အချင်းချင်း တိုက်မိ၊ ငြိမိတွေ ဖြစ်ကုန်တာလို့ မျက်မြင်တွေက ပြောပါတယ်။
ကိုလ်ကတ္တားမြို့ ပါဝင်ရာ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဆူဗန်ဒါ အာဒီကာရီက သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ကလေးမလေး တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ လူပေါင်း ၂၅ ယောက်ထက် မနည်းကိုလည်း ဆေးရုံ ပို့ထားရကြောင်း သူက ဆိုပါတယ်။

Public Service Announcement
မိုးစရွာပြီးနောက် လူအုပ်ဟာ ဝရုန်းသုန်းကား ဖြစ်သွားပြီး ပွဲတော် ကျင်းပဖို့ စီစဉ်ထားရာ နေရာက ဝင်ပေါက်ထွက်ပေါက်တွေ ကျဉ်းမြောင်းတာကြောင့် လူတွေ ပိုပြီး တိုးကြဝှေ့ကြ ဖြစ်ကုန်ပါတယ်။ ပြီးတော့ မဏ္ဍပ်လှေကားတွေမှာ လဲကြပြိုကျ ဖြစ်ရာကလည်း လူအုပ်တက်နင်းတာ ခံရသူတွေ ရှိခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်ရပ်ဟာ ကြေကွဲစရာ အခြေအနေ တစ်ခုလို့ ပြောကြားခဲ့ပြီး ဒေသဆိုင်ရာ အစိုးရဟာ ထိခိုက်နစ်နာသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သေဆုံးသူတွေထဲက ၆ ဦးကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြား အတည်ပြုထားပြီးပါပြီ။
အိန္ဒိယက ဘာသာရေး ပွဲတော်တွေမှာ အကြောင်းတစ်ခုခုကြောင့် အခုလိုမျိုး လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်ကုန်ပြီး သေကြေကြတဲ့ သတင်းတွေကို ရံဖန်ရံခါ ကြားရလေ့ ရှိပါတယ်။ ဒါကလည်း ပွဲစီစဉ်သူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်၊ လုံခြုံရေး စံနှုန်းတွေ မပြည့်မီတာတွေကြောင့် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကလည်း ယူတာပရာဒေ့ရှ်က ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုမှာ လူအုပ်တိုးဝှေ့မှုတွေကြောင့် လူ ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား: Reuters



















































