Connect with us

Hi, what are you looking for?

ဆောင်းပါး

မြန်မာ့မြေရှားသတ္တုများနှင့် စတီးဝဲလ်လမ်းမကြီး၏ ပထဝီနိုင်ငံရေး

တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်အဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်မြေပြင်ဖြစ်နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။

မြေရှား I Rare Earth Watch

မဲခေါင် ရေးသားသည်။

တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်အဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်မြေပြင်ဖြစ်နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။

ဒီဖြစ်စဉ်နောက်ကွယ်က ပထဝီနိုင်ငံရေး၊ သယံဇာတနဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အပြောင်းအလဲများကို Geopolitical Monitor တွင် Augustine R K ရေးသားတဲ့ဆောင်းပါးကအသေးစိတ်လေ့လာသုံးသပ်ထားပါတယ်။အဆိုပါဆောင်းပါးမှာကမ္ဘာ့မြေရှား ထောက်ပံ့ရေး ကွင်းဆက်၊ ကချင်ပြည်နယ်ရှိ သယံဇာတရင်းမြစ်များရဲ့မဟာဗျူဟာမြောက် အရေးပါမှုနဲ့ စတီးဝဲလ်လမ်းမကြီး ပြန်လည်အာရုံစိုက်ခံလာရမှုတို့ကို အဓိကထား ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအရေးပါလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်မှာ လျစ်လျူရှုလို့မရတဲ့ ရင်းမြစ်တစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်ပါတယ်။

အိန္ဒိယ၊ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ ဒီအရေးပါတဲ့ သတ္တုများရရှိရန်အတွက် ရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချကာ ထောက်ပံ့ရေးလမ်းကြောင်းအသစ်များ ရှာဖွေနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ကဏ္ဍဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု ပိုမိုရရှိ လာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတွေ လိုအပ်နေတဲ့ မြေရှားသတ္တု ရင်းမြစ်တွေ ရှိနေပါတယ်။ အထူး

သဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium )တို့လို လေးလံတဲ့ တန်ဘိုးကြီး မြေရှား ဒြပ်စင်တွေ (Heavy Rare Earth Elements – HREE) ပါဝင်နေတာပါ။

ဒါပေမဲ့ ပြဿနာတစ်ခုက ဒီရင်းမြစ် အများအပြားဟာလက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်မြေထိန်းချုပ်မှု ပြိုင်ဆိုင်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တည်ရှိနေပါတယ်။ အခြေခံအဆောက်အအုံ အားနည်းမှု၊ လုံခြုံရေးမတည်ငြိမ်မှုနဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေး အခက်အခဲတွေကြောင့် ဒီသယံဇာတတွေကို ယုံကြည်စိတ်ချရတဲ့ အခြားအဓိက ရင်းမြစ်တစ်ခုအဖြစ် အလွယ်တကူ ပြောင်းလဲ ထုတ်လုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။

ဒီလေးလံသောမြေရှားဒြပ်စင်များ ထုတ်လုပ်မှုအများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)တို့ အဓိက စိုးမိုးထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်မှာ စုစည်း တည်ရှိနေပြီး ဒီဒေသဟာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရဲ့ လီဒို (Ledo) မြို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ကွမ်းမင်း (Kunming) မြို့ကို ဆက်သွယ်ထားတဲ့ “လီဒိုလမ်းမကြီး” လို့လည်း လူသိများတဲ့ သမိုင်းဝင် “စတီးဝဲလ်လမ်းမကြီး” နဲ့ နီးနီးနားနားမှာ ရှိပါတယ်။

ဒီလမ်းမကြီးဟာ စစ်ရေးသမိုင်းနဲ့သာ ဆက်နွယ်နေတဲ့ လမ်းကြောင်းတစ်ခု မဟုတ်တော့ဘဲ၊ယနေ့မှာတော့မဟာဗျူဟာမြောက် အရေးပါလာတဲ့ မြေရှားဒြပ်စင်များကြောင့် ပထဝီနိုင်ငံရေးအရ ပြန်လည်အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ တန်ဖိုးမြင့် မြေရှားသတ္တုအမျိုးအစားဖြစ်တဲ့ ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium) တို့ဟာ လျှပ်စစ်မော်တာတွေ၊ အဆင့်မြင့် အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကာကွယ်ရေးနည်းပညာနဲ့ စစ်လက်နက်တွေထုတ်လုပ်ရာမှ မရှိမဖြစ် လိုအပ်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnets) တွေရဲ့ စွမ်းဆောင်ရည်နဲ့ အပူခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်တာကြောင့်မဟာဗျူဟာမြောက်အရေးပါပြီးဝယ်လိုအားမြင့်မားတဲ့သတ္တုတွေဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်တွေဟာ ရှားပါးသတ္တု ထွက်ရှိမှုတင်မကဘဲ အခြားနည်းလမ်းနဲ့ အစားထိုးဖို့ ခက်ခဲတဲ့ မဟာဗျူဟာမြောက် ဒြပ်စင်တွေ ပါဝင်နေတာကြောင့် ကမ္ဘာ့အရေးပါသတ္တု ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးကြီးတဲ့ရင်းမြစ်တစ်ခုအဖြစ်သတ်မှတ်ခံလာရတာ ဖြစ်ပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့(USGS)ရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့မြေရှားသတ္တုထွက်ပစ္စည်း ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၁ ရာခိုင်နှုန်းကို ပံ့ပိုးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ မြေရှားပါးသတ္တုအောက်ဆိုဒ်(Rare Earth Oxides-REO) တန်ချိန် ၂၂,၀၀၀ နီးပါးထုတ်လုပ်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အရေးပါတဲ့ ထုတ်လုပ်သူတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။

ဒါပေမဲ့ ထုတ်လုပ်နိုင်မှုက ဒီဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက စိန်ခေါ်မှုကတော့ မြေရှားထွက်ပစ္စည်းတွေကို တူးဖော်ထုတ်ယူနိုင်ပေမဲ့ အဲဒီကုန်ကြမ်းတွေကို တန်ဖိုးမြင့် စက်မှုထုတ်ကုန်တွေအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ သန့်စင်ခြင်းနည်းပညာ၊ ပြုပြင်ထုတ်လုပ်ရေး စက်ရုံတွေနဲ့ စက်မှုစွမ်းရည်တွေ မလုံလောက်သေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြေရှားသတ္တုထွက် ပစ္စည်းတွေရဲ့ မဟာဗျူဟာမြောက် တန်ဖိုးအများစုကို မြန်မာနိုင်ငံပြင်ပမှာပဲ ဖန်တီးနေကြရပါတယ်။

ဒီအခြေအနေမှာတရုတ်နိုင်ငံဟာအဓိကနေရာမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ မရှိတဲ့ပြုပြင်သန့်စင်မှုစွမ်းရည်အမြောက်အမြား ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်အပေါ် မှီခိုနေရမှုကို ကုန်သွယ်ရေး အချက်အလက်တွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ S&P Global ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ မြေရှားထွက် သွင်းကုန် စုစုပေါင်းရဲ့ ၅၂ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံက တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ပြုပြင်သန့်စင်မှု ကွန်ရက်အတွက် လေးလံတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေကို ပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ အဓိကရေသောက်မြစ် တင်ပို့သူ ဖြစ်လာတယ်ဆိုတာကို ပြသနေတာပါ။နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့သံလိုက် မြေရှား ပြုပြင်သန့်စင်မှု ထုတ်လုပ်မှုရဲ့ ၉၁ ရာခိုင်နှုန်းနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်းအထိ စုပြုံစိုးမိုးထားပါတယ်။

အိန္ဒိယနိုင်ငံဟာလည်း ဒီဈေးကွက်အတွင်းက သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲဖို့ ကြိုးစား နေပါတယ်။ နယူးဒေလီဟာ အရေးပါတဲ့ သတ္တုရင်းမြစ်တွေကို ထုတ်လုပ်မှု၊ စွမ်းအင်၊ ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးတို့အတွက် အရေးကြီးကြောင်း သတ်မှတ်ထားသလို ပြည်တွင်း မြေရှားသတ္တု ပြုပြင်သန့်စင်မှုနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုကိုလည်း တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယအစိုးရဟာ နှစ်စဉ် ‘မြေရှားထွက် အမြဲတမ်းသံလိုက် မက်ထရစ်တန် ၆,၀၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံတွေ တည်ထောင်ဖို့အတွက် ရူပီး ၇,၂၈၀ ကုဋေ (အမေရိကန်ဒေါ်လာ ၇၆၀ သန်းခန့်) ရှိတဲ့ စီမံကိန်းကို အတည်ပြုခဲ့ပါတယ်’။ ဒါပေမဲ့ စက်ရုံတွေ ဆောက်ရုံနဲ့ ကုန်ကြမ်း ဘယ်ကရမလဲဆိုတဲ့ ပြဿနာကတော့ မပြေလည်သေးပါဘူး။ အိန္ဒိယအနေနဲ့ သူတို့နယ်စပ် အပြင်ဘက်ကနေ စိတ်ချရတဲ့ ရင်းမြစ်တွေကို လိုအပ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယလိုအပ်တဲ့ မြေရှားသတ္တုတွေ ရှိနေတာကြောင့် နယူးဒေလီအနေနဲ့ လျစ်လျူရှုထားဖို့ ခက်ခဲလှပါတယ်။

ဝါရှင်တန်အနေနဲ့လည်းအရေးပါတဲ့ သတ္တုရင်းမြစ်များ ရရှိနိုင်မှုကို တစ်နိုင်ငံတည်း သို့မဟုတ် ရင်းမြစ်တစ်ခုတည်းအပေါ် မှီခိုမနေစေရန် ပြောင်းလဲဖို့၊ ထောက်ပံ့ရေးကွင်းဆက်ရဲ့ ခိုင်မာမှုကို မြှင့်တင်ဖို့နဲ့ အခြားနိုင်ငံတွေရဲ့ ပြုပြင်သန့်စင်မှုစွမ်းရည်နဲ့ ထောက်ပံ့ရေးကွန်ရက်တွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် သမ္မတရဲ့ ပြုပြင်ပြီး အရေးပါသတ္တုများဆိုင်ရာ ကြေညာချက်မှာ အမေရိကန်ဟာ အရေးပါတဲ့ သတ္တုထောက်ပံ့မှုတွေအတွက် ပြည်ပ ရင်းမြစ်တွေအပေါ် အလွန်အမင်း မှီခိုနေရပြီး ပြည်တွင်းမှာ လိုအပ်တဲ့ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စွမ်းရည်တွေ မလုံလောက်သေးကြောင်းဖော်ပြထားပါတယ်။ ထို့အပြင် ထောက်ပံ့ရေးကွင်းဆက် တွေကို ပိုမိုစုံလင်ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လိုအပ်ကြောင်းလည်း အလေးပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့မြေရှားထွက်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ စိတ်ဝင်စားမှုဟာ စာတွေ့သက်သက် မဟုတ်တော့ပါဘူး။မြန်မာ့လေးလံသော မြေရှားသတ္တုထွက်ပစ္စည်းများကို ရရှိရေးနဲ့ တရုတ်အပေါ် မှီခိုမှုကို လျှော့ချရေးအတွက် ထရန့်အစိုးရအဖွဲ့ထံ ပြိုင်ဆိုင်မှုရှိတဲ့ အဆိုပြုချက်တွေ တင်သွင်းခဲ့ ကြပါတယ်။ အဆိုပြုချက်တွေမှာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံရေး၊ လက်နက်ကိုင် KIA နဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပါဝင်နိုင်ခြေ၊ KIA နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးနဲ့ မြန်မာ့မြေရှားထွက် ပစ္စည်းတွေကို ပြုပြင်သန့်စင်ဖို့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ပါဝင်ခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်တို့အတွက် ဒါဟာ အခြားအစားထိုး ရင်းမြစ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ရှာဖွေရာမှာ ဘုံအကျိုးစီးပွားတစ်ခု ဖြစ်လာစေပါတယ်။ “ဒီနိုင်ငံနှစ်ခုဟာ၂၀၂၆ ခုနှစ်မေလမှာ “မဟာဗျူဟာမြောက် အရေးပါသတ္တုများ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်” ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။”

မြန်မာနိုင်ငံဟာ ရင်းမြစ်တွေရော တည်နေရာအရပါ ဒီကြိုးပမ်းမှုနဲ့ သက်ဆိုင်နေပါတယ်။ ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဟာလည်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ ရှိနေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဟာ တရုတ်စိုးမိုးထားတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို အစားထိုးဖို့ ရှာဖွေနေတဲ့ ဈေးကွက်နှစ်ခုကြားက ဖြစ်နိုင်ခြေရှိတဲ့ လင့်ခ်တစ်ခု ဖြစ်လာစေပါတယ်။

ဒါပေမဲ့ ရင်းမြစ်တွေကို ရရှိဖို့ဆိုတာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ သတ္တုတွေကို မိုင်းတွင်းတွေကနေ ပြုပြင်သန့်စင်မှုနဲ့ ထုတ်လုပ်မှု စက်ရုံတွေဆီ ရွှေ့ပြောင်းပေးနိုင်ဖို့ လည်း လိုအပ်နေပါသေးတယ်။ ဒီအခြေအနေမှာ သယံဇာတတွေကို ထုတ်လုပ်မှုကွင်းဆက်များနဲ့ ချိတ်ဆက်ပေးမည့် မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေရဲ့ အရေးပါမှု ပိုမိုမြင့်တက်လာပြီး စတီးဝဲလ်လမ်းမကြီးဟာလည်း ဆွေးနွေးမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းကြား မြေရှားထွက်ပစ္စည်းတွေ အတွက် အစားထိုး သယ်ယူပို့ဆောင်ရေး လမ်းတစ်ခုအဖြစ် ဖန်တီးပေးနိုင်ပြီး အိန္ဒိယပြည်မကြီးက ပြုပြင်သန့်စင်ရေး စက်ရုံတွေဆီ ဆက်လက်ပို့ဆောင်နိုင်မယ့် အလားအလာရှိပါတယ်။

သို့သော်လည်း ဒီလမ်းဟာ အာရှရဲ့ ပဋိပက္ခအများဆုံး နယ်စပ်ဒေသတွေကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ နိုင်ငံတကာနယ်နိမိတ်တွေဟာ သမိုင်းကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံရေးရပ်တည်ချက်များအတွက် တောင်းဆိုလာကြတဲ့ တိုင်းရင်းသား နယ်မြေများ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားရာဒေသတွေ ဖြတ်သန်းနေပါတယ်။

ကချင်ပြည်နယ်ဟာ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေကို ထင်ရှားစွာ ဖော်ပြနေတဲ့ ဒေသတစ်ခု ဖြစ်ပြီး လက်ရှိအခြေအနေမှာ မြန်မာစစ်အုပ်စုကတော့ ကချင်က မြေရှားသတ္တု ရင်းမြစ်တွေ တည်ရှိရာ ဒေသအားလုံးနဲ့ အဲဒီကနေ ဆက်သွယ်သွားမယ့် ပို့ဆောင်ရေးလမ်းကြောင်းများအပေါ် ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။

ဒါဟာအိန္ဒိယအတွက်လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာ စေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းမယ့် လမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ ဘယ်လိုကြိုးပမ်းမှုမဆို နယ်မြေထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေ၊ ဒေသခံ လူထုတွေ၊ လုံခြုံရေး အခြေအနေတွေ၊ စစ်အုပ်စုတွေနဲ့ သေချာပေါက် ဆက်ဆံဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ စစ်အုပ်စုကို ကျော်လွန်ပြီး KIA/KIO နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းကလည်းနယူးဒေလီအတွက်ကိုယ်ပိုင်နိုင်ငံရေးနဲ့ သံတမန်ရေးရာ ရှုပ်ထွေးမှုတွေကို ဆောင်ကြဉ်းလာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလမ်းကြောင်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တည်ရှိတဲ့ နာဂနယ်မြေအတွင်းကပန်ဆောင်တောင်ကြား (Pangsau Pass)ကိုလည်း ဖြတ်သန်းသွားပါတယ်။ နာဂ နိုင်ငံရေးလှုပ်ရှားမှု တွေဟာ နာဂဒေသတွေမှာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ အာဏာစက်ကို စိန်ခေါ်လေ့ရှိတာကြောင့် နောက်ထပ် ရှုပ်ထွေးမှုအလွှာတစ်ခုကို ထပ်ပေါင်းထည့်လိုက်သလို ဖြစ်နေပါတယ်။

ပြဿနာကမြေရှားသတ္တုရှိတဲ့နေရာကို ရောက်ဖို့တင် မဟုတ်ပါဘူး။ မိုင်းတွင်းကနေ စက်ရုံအထိ သတ္တုတွေကို ဘယ်လိုလုံခြုံစွာ သယ်ယူပို့ဆောင်မလဲဆိုတာကလည်း အရေးကြီးပါတယ်။ တရုတ်က ဒီကွန်ရက်ကို တည်ဆောက်ပြီးသားဖြစ်တဲ့အတွက် အဓိကစိန်ခေါ်မှုက လမ်းကြောင်းကို ဆက်လက် ထိန်းချုပ်ထားနိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် မြေရှားသတ္တုကိစ္စဟာ သယံဇာတရင်းမြစ်တင်မကဘဲ လမ်းကြောင်း၊ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပါ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

အိန္ဒိယကတော့ တရုတ်နဲ့ မတူတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး မြေရှားသတ္တုရင်းမြစ်တွေနဲ့ နီးကပ်နေပေမယ့် အဲဒီရင်းမြစ်တွေရှိတဲ့ ဒေသတွေဟာ အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နေရာတွေ မဟုတ်တော့ပါဘူး။ ထို့အပြင် ကချင်ပြည်နယ် ကနေ ထွက်လာမယ့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဟာ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မတူညီတဲ့ နယ်မြေတောင်းဆိုမှုတွေကြောင့် ရှုပ်ထွေးတဲ့ အခြေအနေတွေအောက်မှာ ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ အိန္ဒိယအတွက် အဓိကစိန်ခေါ်မှုကတော့ မြေရှားသတ္တုတွေကို ရရှိဖို့သာမက၊အဲဒီသတ္တုတွေကိုမြန်မာနိုင်ငံမြောက်ပိုင်းကနေ ဘယ်လို သယ်ယူပို့ဆောင်မလဲဆိုတဲ့ အချက် ဖြစ်လာပါတယ်။အဲဒီကနေတစ်ဆင့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ သမိုင်းဝင် စတီးဝဲလ် လမ်းမကြီးဟာ တစ်ဖန် အာရုံစိုက်ခံလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို မြေရှား သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်မလားဆိုတာကတော့ လက်ရှိအချိန်မှာ မသေချာသေးပါဘူး။

လက်ရှိမှာတော့ အဲဒီတည်နေရာဟာ မြန်မာ့မြေရှားသတ္တုသိုက်များ၊ တရုတ်ရဲ့ စီးပွားရေးကွန်ရက်များ၊ အိန္ဒိယရဲ့ ဆက်သွယ်ရေးအကျိုးစီးပွားများနဲ့ အမေရိကန်ရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် ခိုင်မာအောင်ကြိုးပမ်းမှုများ ဆုံစည်းနေတဲ့ မဟာဗျူဟာမြောက် နေရာတစ်ခု ဖြစ်လာနေပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကြားမှာ စတီးဝဲလ်လမ်းမကြီးဟာ မျှော်မှန်းထားသလို အမှန်တကယ်အသုံးပြုနိုင်မယ့်လမ်းကြောင်းတစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။

ကိုးကား- Geopolitical Monitor

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် နှင့် မြန်မာစစ်အုပ်စု၏ လမ်းကြောင်းပြောင်းဆက်ဆံမှု

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

ဆောင်းပါး

မြေရှားသတ္တုနောက်ကွယ်က မြန်မာ့ပဋိပက္ခနှင့် အိန္ဒိယ၏ နှစ်လမ်းသွား မဟာဗျူဟာ

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...