အောက်တိုဘာ ၂၂၊ ၂၀၂၆၊ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အသင်းအဖွဲ့တွေအနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက ခွင့်ပြုချက်ရယူပြီးမှသာ လှုပ်ရှားဆောင်ရွက်ကြဖို့ အဆိုပါအဖွဲ့က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ကို ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်အတွင်း ကူညီထောက်ပံ့ပေးနေကြတဲ့ အဖွဲ့အစည်းအားလုံးကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပထမဦးစွာ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါပေမဲ့ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ ကူညီရေးအသင်းအဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးတို့အတွက် ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခွင့်ပြုချက် အရင်ရယူပြီးမှသာ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက “ထုတ်တာကို နောက်ကျနေပြီ။ အချို့ NGOတွေက ငွေကြေးနဲ့ အာဏာတည်ဆောက်လာကြတာများလာလို့ရယ်။ အဆိုးဆုံးက ပြည်သူနဲ့ NUG အစိုးရကိုသွေးခွဲကြတာ”လို့ ဆိုပါတယ်။
ခွင့်ပြုချက် မရှိဘဲ နယ်မြေအတွင်း လှုပ်ရှားဆောင်ရွက်တာတွေ ပြုလုပ်ပါက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းမှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး အောက်တိုဘာလဆန်းကပဲ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲလို့ စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်မှာလည်း ပန်းလှအုပ်စု၊ ပန်းလှတောရ ကျောင်းတိုက်ကို ဗုံးကြဲလို့ သံဃာတော် ၃ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ချောင်းဦးနဲ့ ချင်းတွင်းမြစ်ပဲခြားတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းက သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။
အလားတူ အောက်တိုဘာ ၂၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၆ဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တိုဘာအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက် အပြုံလိုက် သေဆုံးတာတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။
အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။




















































