အောက်တိုဘာ-၂၂၊ ၂၀၂၆။ အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။
ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

Public Service Announcement
ကနီမြို့နယ်နဲ့ဆက်စပ်နေတဲ့ ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂၀ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးခြောက်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။




















































