အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၈ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဘွားအို ၁ဦးသေဆုံးကာ အမျိုးသမီးငယ်တဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်က ကျေးရွာအချို့ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၃ရက်က ရွှေကျင်မြို့နယ် ထင်းကုန်းကျေးရွာကိုလည်း စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ့နေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။




















































