အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် “ဆီသို့လှမ်းချီ တနင်္သာရီ ” ကမ်ပိန်းမှ ထောက်ပို့တဲ့ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် “ဆီသို့လှမ်းချီ တနင်္သာရီ ” ကမ်ပိန်း မှ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီ ဖြစ်ကြောင်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။
ဒီလို ကူညီထောက်ပို့မှုအတွက် “Forward Myanmar” ကမ်ပိန်း အဖွဲ့ နဲ့ တော်လှန်ပြည်သူများအား ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ ဖော်ပြပါတယ်။ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းကို Forward Myanmar အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းဟာ တိုက်ပွဲဝင် PDF ရဲဘော်တွေကို ကျည်ကာတွေ တပ်ဆင်ပေးနိုင်ဖို့ ဖြစ်ပြီး ဆီသို့လမ်းချီ တနင်္သာရီ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အခုနှစ် ဧပြီလမှာ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားဖူးပါတယ်။
အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် ကမ်ပိန်းတခု ပြုလုပ်ခဲ့ပြီး ကမ်ပိန်းက ရတဲ့ငွေနဲ့ ကျည်ကာတွေနဲ့ ဦးထုပ်တွေ ဝယ်ယူကာ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ကို ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်း အမည်နဲ့ ရန်ပုံငွေ ရှာဖွေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် “စစ်ကိုင်းဆီသို့” ကမ်ပိန်းပြုလုပ်ပြီး မြေပြင် PDF တပ်ရင်းတပ်ဖွဲ့တွေဆီကို ကျည်ကာများ၊ ဦးထုပ်များ ပေးပို့ခဲ့ကြောင်း အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာသည့် တပ်၊ လက်နက်တပ်ဆင်မှု စနစ်ကျတဲ့ တပ် ဖြစ်လာစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့် တပ်ဆင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။




















































