အောက်တိုဘာ ၂၆၊၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီး ၁ဦးကို ဒေသခံအမျိုးသား ၁ဦးက အဓမ္မပြုကျင့်မှုဖြစ်သူ အောင်သန်းရွှေကို အာရက္ခတပ်တော်(AA)လက်အောက်ခံ ရဲတပ်ဖွဲ့(DLEPS)က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ အသက်(၃၃)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီးဟာ အိမ်နီးချင်းနေအိမ်သို့ စပါးလုံးကူရွေးဖို့ သွားနေစဉ် အဲဒီအိမ်ကို ရောက်နေတဲ့ ၄၄ နှစ်အရွယ် အောင်သန်းရွှေဆိုသူက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
“သူ့အမေက သမီးကို ထမင်းစားဖို့ သွားခေါ်တာမှာ အဓမ္မပြုကျင့်နေတာကို တွေ့တာ။ သူ့အမေကိုတွေ့တော့ အဲဒီ ကောင်က သူ့အမေကို တွန်းထုတ်ပြီးတော့ ထွက်ပြေးသွားတယ်။ ရဲတွေလိုက်ဖမ်းလို့ အခုတော့ မိထားပြီ” လို့ တပ်တောင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အောင်သန်းရွှေဟာ အဓမ္မပြုကျင့်ပြီးနောက် တပ်တောင်မြို့ တဖက်ကမ်း ကျွဲကူးတောင်ရွာ၊ ကူးတို့ဆိပ်မှာ သွားပုန်းနေပြီး အခင်းဖြစ်ပြီး နောက်ရက် အောက်တိုဘာ ၁၂ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အောင်သန်းရွှေဟာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်သူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာ မှန်ကန်ကြောင်း၊ စစ်ဆေးပေါ် ပေါက်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း မင်းပြားမြို့နယ် ပြိုင်းတောရွာမှ အသက် ၁၇ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိချိန် ကျူးလွန်ခံရသူ အမျိုးသမီးမှာ ကိုယ်ဝန်ခြောက်လရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ အသက် သုံးနှစ်ကျော် အရွယ်မိန်းကလေးငယ်တဦးကို မိခင်မရှိခိုက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြပါတယ်။၏
“ဒီလိုမျိုး စိတ်မနှံ့တဲ့သူ၊ ခုခံနိုင်စွမ်းမရှိ၊ အားနွဲ့တဲ့သူကိုမှ မုဒိန်းကျင့်တာဟာ ထုံးစံကို ဖြစ်နေတယ်။ အဲဒါတွေကို အမြင့်ဆုံးပြစ်ဒဏ်ထိ ပေးရပါမယ်။ မဟုတ်ရင် ဒီလိုကောင်တွေက ဥပဒေကိုလည်း အလေးမထား၊ မလေးစားတော့ ဘူး။ မိဘတွေနဲ့ ပတ်ဝန်းကျင်ကလည်း သားသမီးတွေကို ဂရုစိုက်ကြဖို့လိုပါတယ်” လို့ ရခိုင်လူငယ်အမျိုးသမီးတစ်ဦး က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော် ထိရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာ နတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်၊ လူသတ်မှုမှာတော့ ကျူးလွန်သူတ ရားခံကို AA တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်းက အဓမ္မ ပြုကျင့်မှုတခုမှာလည်း ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။





















































