ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည် တစ်ဒါဇင် ဝန်းကျင်လောက် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ မြင့်တက်လာတာကို ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ တောင်ကိုရီးယား အစိုးရက တရားဝင် တောင်းဆိုထားပြီး တစ်ပတ်လောက် အကြာမှာပဲ မြောက်ကိုရီးယားက နိုင်ငံအရှေ့ဖက် ကမ်းရိုးတန်းကနေ တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာပါ။
အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ အရှေ့ပင်လယ်၊ တစ်နည်းအားဖြင့် ဂျပန်ပင်လယ်ဖက်ကို တာတိုပစ် ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်လောက် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်တွေ ပစ်လွှတ်နိုင်ခြေလည်း ရှိကောင်း ရှိနိုင်တဲ့အတွက် တောင်ကိုရီးယား စစ်တပ်ဟာ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement
ဂျပန် ကမ်းခြေစောင့်တပ်ကလည်း မြောက်ကိုရီးယားဖက်က ဒုံးကျည်လို့ ယူဆရတဲ့ အရာမျိုး ပစ်ခတ်ခဲ့ပေမယ့် ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့ပြီး ဖြစ်တယ်လို့ သီးခြား ကြေညာပါတယ်။ ဒါပေမဲ့ ဂျပန်ပင်လယ်ထဲက သင်္ဘောတွေ အနေနဲ့ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်ထားဖို့ ကမ်းခြေစောင့်တပ်က တိုက်တွန်းခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ ဉာဏ်ရည်တု နည်းပညာ (AI) အထောက်အပံ့ပါတဲ့ တော်ပီဒို စနစ်တွေ၊ ဟိုက်ပါဆောနစ် တာလတ်ပစ် ဒုံးကျည်တွေ အပါအဝင် လက်နက်အမျိုးအစား တချို့ကို စမ်းသပ်ခဲ့ပါတယ်။
စက်တင်ဘာ လတုန်းက ကိုရီးယား နှစ်နိုင်ငံ နယ်စပ်အဖြစ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း နှစ်ဖက် ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။ တောင်ကိုရီးယားက အဲဒီပေါက်ကွဲမှုဟာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းကြောင့်လို့ စွပ်စွဲပေမယ့် မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက ပယ်ချထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ဟာ DMZ စည်းနားမှာ တောင်ဖက်ကို လှည့်ပြီး ချိန်ရွယ်ထားတဲ့ ဟောင်ဝစ်ဇာ အမြောက်တွေ ဖြန့်ကျက်ထားလိုက်တာကြောင့် အဲဒီနေရာ တဝိုက်မှာ ရှုမျှော်ခင်း သွားရောက်ကြည့်ရှုတဲ့ တောင်ကိုရီးယားနဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အထိတ်တလန့် ဖြစ်ခဲ့ပါသေးတယ်။
ကိုးကား: AFP





















































