Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ်မြန်မာကိုလာပြီးစစ်ရှောင် မိသားစု ၁၁၀၀၀ အတွက် အကူအညီတွေ စတင်ဖြန့်ဝေ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။

ဓါတ်ပုံ-ထရီဆာလာဇာရို/X

■​တောင်ကြီးမှာ စစ်​ရှောင်ပြည်သူတွေနဲ့​ တွေ့ဆုံပြီး ကြံ့ကြံ့ခံရပ်တည်မှုကိုအသိအမှတ်ပြုကြောင်း​ပြော

■​ ​စစ်တပ်က ဒေါ်​အောင်ဆန်းစုကြည်နဲ့​အာဆီယံအထူးကိုယ်စားလှယ်​​တွေ့ခွင့်မ​ပေး

​အောက်တိုဘာ-၂၉၊၂၀၂၆။People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ထရီဆာ လာဇာရိုဟာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို လာမယ့် တစ်လတာအတွင်း ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှသွားမယ့်အစီအစဉ်အတွက်မြန်မာနိုင်ငံကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အရင်က အာဆီယံ အနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ခြင်းမရှိခဲ့တဲ့ ဒေသတွေဆီ အထောက်အပံ့တွေ ပို့ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

လာဇာရိုရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ခရီးစဉ်အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဂျပန်ရဲ့ သံတမန်ရေး အရာရှိတွေလည်း အတူလိုက်ပါလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့စစ်ရှောင်မိသားစု ၁၁,၀၀၀ ဝန်းကျင်အတွက် ဆန်အိတ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို အဲဒီ ကိုယ်စားလှယ် အဖွဲ့က ဖြန့်ဝေပေးခဲ့ပါတယ်။ ပြီးတော့ စစ်ရှောင်တွေရဲ့ လူနေမှု အခြေအနေတွေကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အခုခရီးစဉ်ကနေပြီး နောက်ထပ်လည်း လူအများအပြားဆီကို အကူအညီတွေ ပိုမိုရောက်ရှိနိုင်အောင် အရှိန်မြှင့် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ကြောင်း လာဇာရိုက ဆိုပါတယ်။

စစ်​ဘေး​ရှောင်​တွေနဲ့ ​တွေ့ဖို့ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို​ရောက်ရှိလာတဲ့လာဇာရိုက ​ရှမ်းပြည်နယ်​တောင်ပိုင်းကစစ်​ရှောင်ပြည်သူတွေနဲ့​တွေ့ဆုံစဥ် ကြံ့ကြံ့ခံ ရပ်တည်မှုကို အသိအမှတ်ပြုကြောင်း၊ ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမယ်ဆိုတဲ့ အာဆီယံရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုကြောင်း၊ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့ အာဆီယံနဲ့ မိတ်ဖက် နိုင်ငံတွေက ဆက်လက် အားထုတ်နေမှာဖြစ်ကြောင်း ဆိုပါတယ်။

စစ်​ဘေး​ရှောင်ပြည်သူ​တွေနဲ့ ​တွေ့ဆုံဖို့ဆိုပြီး တိုက်ပွဲမဖြစ်တဲ့ ​တောင်ကြီးမြို့ကိုလာပြီး စစ်​ဘေး​ရှောင်ပြည်သူ​တွေနဲ့ ​တွေ့ဆုံခဲ့တယ်ဆိုတဲ့အ​ပေါ် မြန်မာပြည်သူ​တွေက​တော့ ​မေးခွန်းထုတ်ကြပါတယ် ။ လတ်တ​လော စစ်​ဘေး​ရှောင်ပြည်သူ​တွေဟာတိုက်ပွဲ​တွေပြင်းထန်​နေတဲ့ စစ်ကိုင်းတိုင်း ၊ရခိုင်ပြည်နယ်၊ကရင်နီပြည် ၊မ​ကွေးတိုင်း ၊ကရင်ပြည် ၊ကချင်ပြည်နယ် ၊ချင်းပြည်နယ် စတဲ့​ဒေသ​တွေမှာ အများဆုံးရှိ​နေတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မြန်မာကပဲ ဦးဆောင်တဲ့ ဖြေရှင်းမှုမျိုး ရှာတွေ့ဖို့ အာဆီယံက လိုလားကြောင်း၊ အကူအညီတွေ ပေးပို့မှုကလည်း ဒေသအသီးသီးက လူမှုအသိုက်အဝန်းတွေ အားလုံး ကျန်မနေတာ သေချာစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း လာဇာရိုက ပြောကြားသွားပါတယ်။

ဒါအပြင် ​နေပြည်​တော်မှာ အ​ရေးကြီးတဲ့ပုဂ္ဂိုလ်​တွေနဲ့​တွေ့ဆုံဖို့ စစ်​ကောင်စီကခွင့်ပြုဖို့​မျှော်လင့်​ကြောင်း သူမက ​ဖမ်းဆီးခံ​နေရတဲ့လူထု​ခေါင်း​ဆောင်ဒေါ်​အောင်ဆန်းစုကြည်နဲ့​တွေ့ခွင့်ရဖို့​မျှော်လင့်​ကြောင်းကို ဖီလစ်ပိုင်သတင်းဌာန Bilyonaryo News Channelကို​ပြောခဲ့ပါတယ် ။ ​အောက်တိုဘာ ၂၉ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ​နေပြည်​တော်ကို​သွားခဲ့​ပေမယ့် ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ​မတွေ့ရဘူးလို့ သတင်းရရှိပါတယ် ။ သူမရဲ့ ခရီးစဥ်ဟာ ​အောက်တိုဘာ ၃၀ မှာပြီးဆုံးမှာဖြစ်ပါတယ်။

ကိုးကား: Bilyonaryo News Channel

ဆက်စပ်သတင်းများ

သတင်း

ခရီးစဥ်မှာ ဖမ်းဆီးခံထားရတဲ့​ဒေါ်​အောင်ဆန်းစုကြည်နဲ့​တွေ့ရဖို့မရှိဘဲ၊လူသားချင်းစာနာအကူအညီ​ပေး​ရေးအဖွဲ့​တွေနဲ့​တောင်ကြီးမြို့မှာ​တွေ့ဖို့ရှိ​ကြောင်း Thai PBS ​ဖော်ပြ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။