ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ် အကြံပေးဟောင်း တစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးက မျက်ကွယ်သေဒဏ် စီရင်ချမှတ်လိုက်ပါတယ်။
ဟာဆီနာရဲ့ အေဝါမီ အဖွဲ့ချုပ်ပါတီထဲက ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ မာဘူဘူလ် အလမ် ဟာနစ်ဖ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွင်းရာမှာ ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ တရားခွင်မှာတော့ ဟာနစ်ဖ်ဟာ ဆန္ဒပြသူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပြီး သေဒဏ်ချမှတ် ခံခဲ့ရတာပါ။ နောက်ထပ် ပါတီ ခေါင်းဆောင်ပိုင်း ၃ ဦးကလည်း ထောင်ဒဏ် တစ်သက်စီ ချမှတ်ခံခဲ့ရပါတယ်။
စွပ်စွဲခံရသူ ၄ ဦးဟာ ဟာဆီနာ အစိုးရ တာဝန်ယူနေတဲ့ နောက်ဆုံး ကာလတွေအတွင်း လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ အစိုးရ ဆန့်ကျင်ရေး အုံကြွလှုပ်ရှားသူ ၆ ဦးကို နိုင်ငံအနောက်ပိုင်းက ကူရှ်တီယာ ဒေသမှာ သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
တရားခံတွေအပေါ် စွပ်စွဲချက်တွေ ခြွင်းချက်မရှိ မှန်ကန်တယ် ဆိုတာကို အပြည့်အဝ သက်သေပြနိုင်ခဲ့တယ်လို့လည်း အစိုးရ ရှေ့နေ အမီနူလ် အစ္စလာမ်က ပြောကြားခဲ့ပါတယ်။ အထူးခုံရုံးရဲ့ တရားသူကြီးက တရားခံတွေ ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာတွေရဲ့ ထက်ဝက်ကို ထုခွဲရောင်းချပြီး သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဆီ ခွဲဝေပေးဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

Public Service Announcement
အစိုးရက ခန့်အပ်ပေးထားတဲ့ တရားခံရှေ့နေ အေမာဟိုစိန်ကတော့ စီရင်ချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ မျက်ကွယ် သေဒဏ်ချမှတ်တာ ခံရသူ ဟာနစ်ဖ်ဟာ လောလောဆယ် ထွက်ပြေး တိမ်းရှောင်နေပြီး တည်နေရာကိုတော့ မသိရပါဘူး။
ဘင်္ဂလားဒေ့ရှ်ကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့ဖူးတဲ့ ဟာဆီနာရဲ့ ခေတ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်ကနေ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီကာလအတွင်း လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြသူတွေကို ဟာဆီနာ အစိုးရက အပြင်းအထန် အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဟာဆီနာဟာ ရဟတ်ယာဉ်စီးပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပါတယ်။ ဟာဆီနာဟာလည်း ဆန္ဒပြသူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက မျက်ကွယ်သေဒဏ် ချမှတ် ခံထားရပြီး ဖြစ်ပါတယ်။ ဟာဆီနာကတော့ အဲဒီ ခုံရုံးဟာ ဒီကိစ္စတွေကို စီရင်ဆုံးဖြတ်နိုင်မယ့် အခွင့်အာဏာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
အသက် ၇၈ နှစ်အရွယ် ဟာဆီနာက သူဟာ မျက်ကွယ် သေဒဏ် ချမှတ်ခံထားရတဲ့တိုင်အောင် နှစ်ကုန်ပိုင်းကျရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ကြေညာထားပါတယ်။
ကိုးကား: AFP




















































