Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဥ်းတွေလွတ်မြောက်ရေး စိုးရိမ်ကြောင်းပြောနေရုံမလုံလောက်ဘဲ လက်တွေ့ကျတဲ့ အရေးယူလုပ်ဆောင်ပေးဖို့ နိုင်ငံတကာကို PPNM တောင်းဆို

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိုးရိမ်ကြောင်းပြောဆိုနေရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုလိုက်ပါတယ်။

(အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို ကြိုဆိုနေကြသူတွေနဲ့ မတ်လ ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − PS)

အောက်တိုဘာ ၃၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိုးရိမ်ကြောင်းပြောဆိုနေရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး၊ စိုးရိမ်ကြောင်း ပြောဆိုရုံမျှဖြင့် မလုံလောက်တော့ဘဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ကို ကယ်တင်နိုင်မယ့် လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်တာပါ။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတို့အတွက် ရပ်တည်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား၊ ထောင်ပေါင်းများစွာဟာ ယနေ့တိုင် မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှု​တွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရသူတွေနဲ့ လူမဆန်တဲ့အကျဉ်းထောင်အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်စရာ ဖြစ်လာနေကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

​အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့မှာမြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးနဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ ဒါ့အပြင်အကျဉ်းထောင်တွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လေးနက်စွာ ဂါရဝပြုအောက်မေ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်ရေးဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စရပ်တစ်ခုချည်းသာမဟုတ်ဘဲ လူသားတစ်ဦးချင်းစီရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရမယ့် အရေးပေါ်လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း၊ PPNM အနေနဲ့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေဆီကို အချက် (၅) ချက် တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ထိရောက်တဲ့ နိုင်ငံတကာသံတမန်ရေးနဲ့ နိုင်ငံရေးဖိအားပေးမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ အကျဉ်းထောင်တွေအတွင်း ဖြစ်ပွားနေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေကို တားဆီးကာကွယ်နိုင်ရေးအတွက် လွတ်လပ်တဲ့ နိုင်ငံတကာစောင့်ကြည့်စစ်ဆေးမှုတွေနဲ့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးကို အလေးထားဆောင်ရွက်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ အခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိ စေရေးဆောင်ရွက်ဖို့၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်လာသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို တိုးမြှင့်ပံ့ပိုးဖို့၊ နိုင်ငံရေးအကျဉ်းသား​တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တာ၊ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာနဲ့ အရေးပေါ်အကူအညီ​တွေ ပေးအပ်တာတွေကို ဆောင်ရွက်နေတဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေနဲ့ လိုအပ်တဲ့ရန်ပုံငွေပံ့ပိုးမှုတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PPNM ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

​နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်နဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေဟာ လုံလောက်မှု မရှိတော့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် လိုအပ်နေတာဟာ စာနာကြောင်းဖော်ပြတဲ့ စကားလုံးတွေထက် ၎င်းတို့ရဲ့ အသက်ကို ကယ်တင်နိုင်မယ့် လက်တွေ့လုပ်ဆောင်ချက်တွေကို ထပ်တိုးလုပ်ဆောင်သင့်ကြောင်း ​မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ လွတ်ငြိမ်းပေးမှုကြေညာချက်နဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ကွဟာချက်တွေရှိနေပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးထောင်မှာ ထောင်တွင်း ဖိနှိပ်မှုတွေ တင်ပြဖို့အားထုတ်သူနိုင်ငံရေးအကျဉ်းသားအမျိုးသားကိုထောင်ဝန်ထမ်းတွေဝိုင်းဝန်းရိုက်နှက်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။