အောက်တိုဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၉)တပ်ရင်းက အရပ်သား ပြည်သူနေထိုင်ရာ ရွာကို ၁၂၀ မမ လက်နက်ကြီး ၄လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး ကလေးငယ် ဒဏ်ရာရခဲ့သလို ကျောင်းစောင့်ရွာ ဘုန်းကြီးကျောင်း အဆောက်အအုံ ၃လုံးနဲ့ စာသင်ကျောင်းဆောင်တို့ လက်နက်ကြီးစထိမှန်ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၈ရက်ကလည်း စစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ် သဝေါသော(ချောင်းစောက်)ရွာအနီးကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ညသန်းခေါင်အချိန်မှာ ပေါင် ၃၀၀ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်းမှာ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။




















































