အောက်တိုဘာ ၃၀၊ ၂၀၂၆။ ဇေအောင်/People’s Spring
အာဏာသိမ်း စစ်တပ်ရဲ့ လွတ်ငြိမ်းပေးမှုကြေညာချက်နဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ကွဟာချက်တွေရှိနေပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က၂၀၂၄ ကနေ၂၀၂၆ အထိ စိစစ်စောင့်ကြည့်ချက်တွေအရ စစ်တပ်ရဲ့လွတ်ငြိမ်းကြေညာချက်တွေနဲ့ မြေပြင်အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်အကြား ကွဲလွဲချက်များစွာ ရှိနေပြီး၊ လွတ်မြောက်လာသူတွေအနက် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း စိစစ်တွေ့ရှိရတယ်လို့ PPNMက ဆိုပါတယ်။
စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာခဲ့ပေမဲ့ PPNM ရဲ့ မြေပြင် စိစစ်ချက်တွေအရ ၂၀၂၄ ကနေ ၂၀၂၆ အထိ ၃ နှစ်တာကာလအတွင်း အကျဉ်းထောင်အသီးသီးမှ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆,၅၀၇ ဦးကိုသာ အတည်ပြု စာရင်းပြုစုနိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၂၀၂၄ မှာ ၅၄၆ ဦး၊ ၂၀၂၅ မှာ ၁,၃၃၇ ဦးနဲ့ ၂၀၂၆ မှာ ၄,၇၉၂ ဦး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
အဆိုပါ လွတ်မြောက်လာသူတွေအနက် အများစုမှာ ပုဒ်မ ၅၀၅ (က) နဲ့ ၅၂ (က) တို့နဲ့ မတရား အရေးယူခံထားရသူတွေဖြစ်ပြီး၊ အကျဉ်းထောင်တွင်းမှ ပြစ်ဒဏ်စေ့ လွတ်မြောက်လာတဲ့ ၆,၀၈၀ ဦးမှာ အမျိုးသား ၄,၅၆၀ ဦး နဲ့ အမျိုးသမီး ၁,၅၂၀ ဦး ပါဝင်ကာ ကျန်ရှိသူ ၅၉၅ ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ PPNM က ဆက်လက် စိစစ်နေဆဲ ဖြစ်ကြောင်း PPNM က အသိပေးပါတယ်။
၂၀၂၅ ကနေ ၂၀၂၆ အတွင်း စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား စုစုပေါင်း ၂၇,၉၉၇ ဦး လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ အဲဒီထုတ်ပြန်ချက်တွေမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ပါဝင်တဲ့ အချိုးအစားမှာ အလွန် နည်းပါးကြောင်း PPNM က ထပ်မံ အသိပေးပါတယ်။
စစ်တပ်က ပုဒ်မ ၅၀၅ (က)နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)အပါအဝင် နိုင်ငံရေးဆိုင်ရာပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၀,၂၉၈ ဦး လွတ်ငြိမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့သော်လည်း မြေပြင်မှာ ၆,၆၇၅ ဦး (၆၄.၈२%) သာအမှန်တကယ် လွတ်မြောက်ခဲ့ကြောင်း PPNM က စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
မှတ်တမ်းတင်ထားတဲ့ လွတ်မြောက်မှုမှာ ၆၄.၈၂ ရာခိုင်နှုန်းရှိနေပြီး အကျဉ်းသား ၃,၆၂၃ ဦး (၃၅.၁၈ ရာခိုင်နှုန်း) ကွာဟနေကြောင်း တွေ့ရှိရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်တွေဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချဖို့အတွက်သာ ရည်ရွယ်ပြီး အကျဉ်းထောင်တွေအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
“၅၂(က)တို့ ၅၀(ည)တို့ အဲတစ်သုတ်တုန်းကဆိုရင် ဒီပုဒ်မနဲ့ ဖမ်းဆီးခံထားသူတွေကို လွှတ်ပေးမယ်ဆိုပြီးတော့ တရားဝင် ကြေညာခဲ့တယ်။ ထောင်တွေထဲမှာဆိုရင်လည်း နာမည်စာရင်းခေါ်ပြီးတော့မှ ထောင်ဘူးဝရောက်တော့မှ နာမည်မပါဘူး ပြန်ဝင်ရမယ်ဆိုပြီးတော့ ပြန်ဝင်သွားကြရတဲ့သူတွေရှိတယ်။ အဲဒီညမှာဆိုရင် မိသားစုဝင်တွေဆိုရင် ပါလာပြီဆိုပြီး ဝမ်းပန်းတသာနဲ့ မိုးချုပ်ကြီးထိ ထိုင်စောင့်တယ်။ တကယ့်တကယ်မှာ ပြန်မလွှတ်ပေးဘူး။ ဒီလျုအခြေအနေတွေ ကြုံခဲ့ရတယ်။ တချို့လူတွေကကျတော့ လွှတ်ပေးလိုက်ပြီဆိုပြီးတော့မှ ထောင်ဘူးဝမှာ ပုဒ်မတပ် ပြန်ဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ ပုဒ်မမတပ်ဘဲနဲ့လည်း ဆက်ပြီးတော့ ထိန်းသိမ်းခံထားရတဲ့သူတွေလည်း ရှိတယ်။ သူတို့ကိုယ်သူတို့ ဘာပုဒ်မနဲ့ ပြန်ပြီးတော့ အဖမ်းခံထားရမယ်မှန်း မသိဘဲနဲ့ကို ထောင်ထဲမှာ နေနေရတဲ့သူတွေလည်း ရှိပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေထက် မြေပြင်အမှန်တကယ် စိစစ်အတည်ပြုချက်တွေကိုသာ အဓိကထား စောင့်ကြည့်ပေးကြဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအားပေး တောင်းဆိုပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNMက တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အတည်ပြုပြီး ၁၅၀၇၁ ဦး ရှိနေပြီး အတည်ပြုဆဲ ၇၇၈၅ ဦး ရှိနေကြောင်း အသိပေးထားပါတယ်။




















































