အောက်တိုဘာ ၃၀၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
ရခိုင်-မကွေးအစပ်နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ ဗျူဟာကုန်းကို ခဲယမ်းနဲ့ရိက္ခာလာချတဲ့စစ်တပ်ရဲ့ ပါရာမိုတာတစင်းကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တွေက ပစ်ချနိုင်ခဲ့တယ်လို့ AA က ရုပ်သံဖိုင်နဲ့တကွ အတည်ပြုထုတ်ပြန်ပါတယ်။
စစ်တပ်လေထီးနဲ့အတူပါတဲ့ ခဲယမ်း၊ ရိက္ခာအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။ဒါပေမယ့်ပါရာမိုတာ ပစ်ချမှုအတွင်းယာဉ်မောင်း သေသွားလား၊ ဖမ်းဆီးရမိလားဆိုတဲ့အခြေအနေနဲ့ပက်သက်လို့တော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
အာရက္ခတပ်တော်(AA) ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
၂၀၂၆ ခုနှစ်၊အောက်တိုဘာလ ၂၆ ရက်နေ့မှာလည်း စစ်တွေစစ်မျက်နှာ ရေကြောင်းစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို အာရက္ခတပ်တော်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် အခုဒုတိယအကြိမ်မြောက် ရန်သူရဲ့ စစ်ဘက်ဆိုင်ရာလေကြောင်းတိုက်ခိုက်ရေး(ထောက်ပံ့ရေး)ယာဉ်တစီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့ AAက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်း စစ်တွေစစ်မျက်နှာမှာ ရန်သူရဲ့ထိုးစစ်တွေကြောင့် တိုက်ပွဲပြင်းထန်နေပြီး ရန်သူ့ထိုးစစ်အရှိန်ဟာလည်း ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက် ရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေရတယ်လို့လည်း စစ်တွေတိုက်ပွဲတွေအကြောင်း အသိပေးပါတယ်။
ဒါ့အပြင် အာရက္ခဒေသနဲ့ ထိစပ်နေတဲ့စစ်မျက်နှာတွေမှာလည်း တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားနေပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေဟာ အရှုံးမပေးတဲ့စိတ်ဓာတ်၊လုံးဝနောက်မဆုတ်တဲ့ စိတ်ဓာတ်၊ အတက်အဆုတ်ဟန်ချက်ညီညီ ပြောင်းလွယ်ပြင်လွယ်တဲ့ နည်းဗျူဟာတွေနဲ့ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အပြင် ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း နတ် ရေကန်ဝန်းကျင်၊ မကွေးတိုင်း မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့အတွင်း စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အထိနာနေပြီး စစ်တွေမြို့နယ်မှာ တပ်စခန်း ၁၃ ခု လက်လွှတ်ရပြီးစစ်သင်္ဘော ၅ စီးထက်မနည်းဖျက်ဆီးခံရကာစစ်တွေအစပ်ပေါက်တောမြို့နယ်ကစခန်း ၁ ခု၊ကျောက်ဖြူမြို့
နယ် အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု တို့ကိုလည်း လက်လွှတ်ထားရပါတယ်။




















































