ထွန်းညိုဦး/People’s Spring
ပြီးခဲ့တဲ့တစ်ပတ်လောက်က လူမှုကွန်ရက်မှာ ရန်ကုန်၊ မရမ်းကုန်းက တိုက်ခန်းတစ်ခုမှာနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ဖခင် တေးရေးဆရာတစ်ဦးက သူ့တိုက်ခန်းက ခွေးတွေ ဆူညံတဲ့ကိစ္စနဲ့ပတ်သက်ပြီး တခြားတိုက်ခန်းမှာ နေထိုင်သူတွေနဲ့ ပြဿနာတက်ပါတယ်။
တိုက်ခန်းတွေမှာ တိရိစ္ဆာန်မွေးကြတဲ့အခါ ပတ်ဝန်းကျင်နဲ့ စကားပြောရတတ်တာမို့ မထူးဆန်းပါဘူး။ အဲဒီတေးရေးဆရာနဲ့ စကားများရတာကတော့ စစ်ရှောင်မိသားစုတဲ့။ တချို့ကတော့ တေးရေးဆရာကို အပြစ်တင်ကြသလို တချို့က စစ်ရှောင်တွေဟာ ရန်ကုန်လူနေမှုနဲ့ အံမဝင်ခွင်မကျလို့ ဖြစ်ကြတဲ့သဘော ထင်မြင်ချက်တွေပေးကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ အရင်ကထက် ပိုများလာခဲ့တယ်။ ကုလသမဂ္ဂ (UNHCR / UNOCHA)ရဲ့၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်တွင်း စစ်ရှောင် စုစုပေါင်း ၄ သန်းကျော် (၄,၀၅၈,၁၀၀ ခန့်) ရှိနေပြီဖြစ်ကြောင်း အသိပေးထားတယ်။

Public Service Announcement
လူပေါင်းလေးသန်းကျော်ဟာ ကိုယ့်အိမ်ကိုယ့်ရာကို စွန့်ခွာပြီး လက်တလော လုံခြုံမယ်ထင်တဲ့နေရာလေးတွေ ပြောင်းရွှေနေကြရတယ်။ အပေါ်က ဖြစ်စဥ်လို ကိုယ်နဲ့သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုကို လုံးလုံးလျားလျား ဆင်းသက်လိုက်ကြရတယ်။
ကျယ်ပြန့်လှတဲ့ ကိုယ့်ရွာ ကိုယ့်ဝင်းလေးတွေကို ထားရစ်ခဲ့ရပြီး မြို့ပေါ်က ကျဥ်းမြောင်းလှတဲ့ တိုက်ခန်းလေးတွေ၊ တစ်အိမ်ကစကား တစ်အိမ်ကကြားရတဲ့ ကျပ်ထုတ်ထုတ်အိမ်ကလေးတွေမှာ ပြောင်းရွှေ့နေခဲ့ကြရတယ်။ နယ်မြေအသစ်မှာ လူသစ်တွေနဲ့ ဆက်ဆံတဲ့အခါ အဆင်ပြေသည်လည်း ရှိ၊ မပြေသည်လည်း ရှိပေါ့။
မိတ်ဆွေတစ်ဦးရဲ့ ယောက္ခမ(ဇနီးရဲ့မိခင်)ဟာ မြင်းခြံနယ်ကပါ။ မြင်းခြံမှာ တိုက်ပွဲတွေရှိလာတော့ သမီးဖြစ်သူလင်မယားက မြို့ပေါ်တိုက်ခန်းမှာ လာနေဖို့ ခေါ်ပါတယ်။ ပထမတော့ လာနေပါတယ်။ နောက်တော့ မိခင်ကြီးဟာ ငါရွာပြန်တော့မယ်လို့ ပြောလာတယ်။ သမက်ဖြစ်သူဒေါပွတော့တာပဲ။ ဒီမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းထားနေပါလျက်နဲ့ ဘာကြောင့် ရွာပဲ ပြန်ချင်နေရတာလဲပေါ့။ မိခင်ကြီးက ပြောရှာတယ်။ “ပဲစင်းငုံတွေ စိုက်ရဦးမှာ”တဲ့။
ဟုတ်တာပေါ့။ ရွာမှာဆို သူ့အိမ်ဝင်းကလေးထဲ တံမြတ်စည်းလှဲတာတို့၊ အခင်းထဲဆင်းတာတို့ကလည်း ချွေးကလေးဘာလေးထွက်တော့ ကျန်းမာရေးအရ ပိုကောင်းစေတာပေါ့။ မိတ်ဆွေအရင်းအချာတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ မလုံံခြုံတဲ့ကြားကနေ အတူရှိကြတော့လည်း စိတ်နှလုံးတွေ နွေးနွေးထွေးထွေး ရှိကြတော့တာပေါ့။
နောက်ထပ်မိတ်ဆွေတစ်ဦးရဲ့ ဖခင်ကလည်း အဲသလိုပါပဲ။ သူ့ဖခင်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာလေးတစ်ရွာကပါ။ ခင်ဦးမှာလည်း သိတဲ့အတိုင်း စစ်တပ်စစ်ကြောင်းထိုးအကြမ်းဖက်တာ ၊လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏဆိုသလို ရှိနေတာပါ။ သားဖြစ်သူကတော့ သူ့ဖခင်ကြီးကို စိတ်ပူလို့ မြို့ပေါ်လာနေဖို့ ခေါ်ရှာပါတယ်။ ဖခင်ကြီးကတော့ မလာပါဘူး။ ရွာမှာပဲ လေယာဥ်သံ တဝေါဝေါအောက် အိပ်ပျော်အောင် အိပ်နေရှာသတဲ့။
တကယ်တော့ အိမ်ဆိုတာ ခေါင်မိုးနဲ့ နံရံတင် မဟုတ်ပါဘူး။ သံယောဇဉ်နဲ့ ဘဝအဓိပ္ပာယ် တည်ရှိရာ နေရာဖြစ်ပါတယ်။ စစ်ဘေးသင့်ဒေသတွေမှာ အသက်အန္တရာယ်ကြားက ကုပ်ကပ်ကျန်ရစ်နေသူတွေဖြစ်စေ၊ မြို့ပြဆီ စက်ဆုပ်စွာနဲ့ ရောက်ရှိလာကြသူတွေဖြစ်စေ သူတို့ အတူတူတောင့်တကြတာဟာ လွတ်လပ်မှုပါပဲ။
ဘာကြောင့် အန္တရာယ်ကြားကနေ ရွာမှာပဲ နေချင်ကြရတာလဲဆိုတဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ။ ဒီမြေ၊ ဒီရေ၊ ဒီလေထုဟာ သူတို့အတွက်တော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ သူ့တို့ရဲ့ အသွေးအသားတွေ ဖြစ်နေလို့ပါပဲ။




















































