Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်မှုရပ်တန့်စေရေး သံတမန်ရေးနည်းအရ ဖိအားပေးဖို့ အာဆီယံနိုင်ငံတွေကို ထိုင်းအမတ်ဟောင်း တောင်းဆို

ထိုင်း-မြန်မာနယ်စပ်တလျှောက် Safety Zone များ အမြန်ဖော်ဆောင်နိုင်ဖို့လိုဟုပြော

(ထိုင်းအမတ်ဟောင်း ကန်နဝီ။ ဓာတ်ပုံ - Kannavee Suebsang/Fb)

နိုဝင်ဘာ ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရေးသံတမန်ရေးနည်းလမ်းတွေနဲ့ ဖိအားပေးရမှာ ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ပြောကြားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ဖော်ပြပြီး ထိုင်းအမတ်ဟောင်းက အခုလို တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး လမ်းဖွင့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အလေးအနက် အကောင်အထည်ဖော်ရမယ်လို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်တွင် ပထမအချက်အဖြစ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပါသည်။ သို့သော် ထိုကတိကဝတ် ချမှတ်ပြီးနောက်တွင်လည်း အရပ်သားများ၏ အသက်များကို ထပ်ခါတလဲလဲ ရုပ်သိမ်းခံနေရဆဲဖြစ်ပါသည်။ ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မဖော်ပြဘဲ အာဏာရှိသူများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းသည် အာဆီယံ၏ ကတိကဝတ်ကို အလေးအနက်မရှိသည့်အရာ ဖြစ်စေပြီး သတ်ဖြတ်မှုများကို ကမ္ဘာက လက်ခံနိုင်သည့်အရာတစ်ခု ဖြစ်လာစေရန် အန္တရာယ်ရှိပါသည်” လို့ ထိုင်းအမတ်ဟောင်းက ပြောပါတယ်။

ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုကာပြည်သူတွေ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လုပ်ငန်းစဉ်တွေ ပံ့ပိုးပေးဖို့လည်း ထိုင်းအစိုးရနဲ့ အာဆီယံနိုင်ငံတွေကို ထိုင်းလွှတ်တော်အမတ်ဟောင်းက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းအမတ်ဟောင်းက ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ မြန်မာပြည်သူတွေအများအပြား သေဆုံးခဲ့ရမှု အခြေအနေကို အသိပေးတဲ့ ဗီဒီယိုကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပြီး “အာဏာရှိသူများနှင့် လက်ဆွဲနှုတ်ဆက်မီ ဆုံးရှုံးခဲ့ရသော လူ့အသက်များကို မြင်တွေ့ရမည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်သူတွေအများအပြာ သတ်ဖြတ်ခံရမှု အခြေအနေတွေကို ရေးသားဖော်ပြခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ကနေ ၂၀၂၆ အတွင်း စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်ခြင်း၊ ကျေးရွာများကို တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနဲ့ ပြည်သူများ နေထိုင်ရာနေရာများကို တိုက်ခိုက်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ အာဏာသိမ်းပြီးနောက် အရပ်သား ၅ ဦးနဲ့ အထက် သေဆုံးခဲ့တဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုအနည်းဆုံး ၄၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၄,၇၀၉ ဦး သေဆုံးခဲ့ရတဲ့ အခြေအနေကိုလည်း ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ စစ်အုပ်စုလက်ချက်ကြောင့် အရပ်သားများ အကြီးအကျယ် အသက်ဆုံးရှုံးနေရတာကို ထိုင်းအမတ်ဟောင်းက မီးမောင်းထိုးပြသထားပြီး သေဆုံးသူတွေထဲမှာ လသားအရွယ်ကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေတာကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ အာဏာရှိသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနဲ့ သံတမန်ရေးရာ နေရာပေးခြင်းများ မပြုမီ နိုင်ငံတိုင်းက မိမိကိုယ်ကို မေးသင့်တဲ့ မေးခွန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတဲ့ မေးခွန်းဖြစ်တယ်လို့လည်း ထိုင်းအမတ်ဟောင်းက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်လေယာဉ်တွေ မြန်မာ-ထိုင်းနယ်စပ်တလျှောက် ပျံဝဲမှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေကိုလည်း ထိုင်းအမတ်ဟောင်းက ဒီကနေ့မှာပဲ သူ့ရဲ့ ဖေ့စ်ဘွခ်မှာ ရေးသားအသိပေးကာ နယ်စပ်တလျှောက် Safety Zone များ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တွန်းအားပေးရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ရက် နေ့လည်ပိုင်းက စစ်တပ်လေယာဉ်ဟာ ကင်းထောက်ပျံသန်းမှုပြုလုပ်ခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရှေ့တန်းတပ်ဖွဲ့တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ လေထီးတွေနဲ့ချပေးခဲ့တာကို သတင်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီစစ်တပ်စခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ အမှတ် ၃ ရွာ၊ ဝေါ်လေးမြောက်ရွာနဲ့ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ထိုင်းနယ်စပ်မျဉ်းမှ ခန့်မှန်းခြေ ၃ ကီလိုမီတာအကွာမှာ ရှိတယ်လို့ဆိုပါတယ်။

စစ်ဆင်ရေးအတွက် တပ်ဖွဲ့များထံ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ခြင်းဟာ စစ်ရေးဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမဲံ ရှေ့တန်းတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကပ်လျက်တွင် နေထိုင်ကြသော ထိုင်းပြည်သူများအတွက် နယ်စပ်အနီး လေယာဉ်များ ပျံသန်းပြီး ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နေတာ မြင်ရတာဟာ စိုရိမ်ပူပန်မှု ဖြစ်ပေါ်စေတယ်လို့ ထိုင်းအမတ်က ပြောပါတယ်။

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးဇုန် သို့မဟုတ် Safety Zone တစ်ခုကို အမြန်ဆုံးဖော်ဆောင်ဖို့ တွန်းအားပေးသင့်ကြောင်း၊ ပြည်သူများရဲ့ အသက်နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ထိုင်းနယ်စပ်မျဉ်းမှ အနည်းဆုံး ၅ ကီလိုမီတာအတွင်း စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရဟူသော စည်းမျဉ်းကို သတ်မှတ်သင့်ကြောင်း အကြံပြု တိုက်တွန်းထားပါတယ်။

Safety Zoneဟာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများထံ အကူအညီများကို ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ပေါက် သို့မဟုတ် Humanitarian Corridor ဖွင့်လှစ်ရေးအတွက် အစပြုရာလည်း ဖြစ်လာနိုင်ကြောင်းသူက ပြောပါတယ် ။

ဆက်စပ်သတင်းများ