နိူဝင်ဘာ-၆၊၂၀၂၆။People’s Spring
ကောလင်းမြို့နယ်က ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအပါအဝင်စစ်အုပ်စုရဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုမထားဘဲ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ၄ရက်ညပိုင်းမှာစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းလျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကိုအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် NUGကျန်းမာရေးဝန်ကြီးဌာနရဲ့ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခေါ်) ဆရာပွကြီး နဲ့ Grade 12 အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့ လျှောက်ထားဆဲဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင်တို့ ကျဆုံးသွားခဲ့ရပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးဝန်ထမ်း (၅) ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
စစ်တပ်ဟာ အခုလို ဆေးရုံ၊ ဆေးခန်းတွေကို ဒရုန်းတွေ၊ Gyrocopter တွေ၊ Paramotor လေထီးတွေသုံးပြီး တမင်သက်သက် ပစ်မှတ်ထား ဗုံးကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးပြီး မီးရှို့တာတွေကို စစ်ရာဇဝတ်မှုအနေနဲ့ ဆက်တိုက် ကျူးလွန်နေတာဖြစ်ကြောင်း၊ Insecurity Insight ရဲ့ Global Health Map စာရင်းတွေအရဆိုရင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၉၇၇) ခုရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း (၅၂၁) ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း(၁၇၆)ဦးသတ်ဖြတ်ခံခဲ့ရကာ (၉၉၅)ဦး အဖမ်းခံခဲ့ရကြောင်း ဖော်ပြပါတယ်။
စစ်အုပ်စုဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၅) နှစ်ခွဲကျော် ကာလအတွင်း ဆေးရုံ၊ ဆေးခန်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးကဏ္ဍပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ လူနာတွေ၊ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေနဲ့ထပ်တူ အထူးကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြပါတယ်။
ဝန်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဒေသပြည်သူတွေနဲ့အတူ ခိုင်မာစွာလက်တွဲလျက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပါတယ်။
လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ဘက်စုံ စာနာရပ်တည်ပေးဖို့ အထူးလိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဝန်ကြီးဌာနဟာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိတဲ့တိုင် ကျန်းမာရေးဝန်ထမ်း၊ ရဲဘော်ကောင်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲဆက်လက်တိုက်ဝင်သွားမှာဖြစ်ကြောင်း ထပ်မံအသိပေးထားပါတယ်။





















































