နိုဝင်ဘာ-၆၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးမြို့မှာ ၂ ရက်အတွင်းဆိုင်လေးဆိုင်ကို သေနတ်နဲ့ဓါးပြတိုက်ခဲ့သူက လူသုံးဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ၄ ရက်နေ့က မြို့တွင်းဓားပြတိုက်မှုတွေကို အမျိုးသား၁ဦးတည်းကကျူးလွန်ခဲ့တယ်ဆိုပြီး အဲဒီနေအိမ်ကို ရဲကဝင်စီးချိန်မှာပဲ တရားခံက တခြားတ နေရာထပ်မံ ဓားပြတိုက်ခံရပြီး လူ ၃ ဦးကိုသေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့မြို့ခံ တွေက ပြောပါတယ်။
နိုဝင်ဘာလ၄ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်မှာရှိတဲ့ “Lwin”ဖုန်းဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်၂ ချက်ပစ်ပြီး ဖုန်းလေး ၄ ကိုလုယက် ဓါးပြတိုက်သွားတယ်လို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ကန်ကောက်ရပ်ကွက်အတွင်းမှာပဲ Pro solar Energy & Led Lighting Solarဆိုင်မှာလည်း သေနတ်ပစ်ခတ်ပြီးဓါးပြတိုက်ခဲ့ပါတယ် ။ဒါပေမယ့် ငွေမရဘဲပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လုယက်မှု နှစ်ခုကို စစ်အုပ်စုက CCTVမှတ်တမ်းတွေကြည့်တဲ့အခါ ကျူးလွန်သူဟာ ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရပ်ကွက်မှာနေတဲ့ အသက်၂၇နှစ်အရွယ် နေလင်းအောင်ဖြစ်တယ်လို့ သိသွားပါတယ်။ ဒါကြောင့် သူ့အိမ်ကို အောက်တိုဘာလ ၅ ရက်ညနေ၃နာရီ ကျော်မှာဝင် ရောက်စီးနင်းခဲ့ပါတယ်။
စစ်အုပ်စုကပုသိမ်ကြီးမြို့နယ်က နေလင်းအောင်ရဲ့အိမ်ကိုဝင်ရောက်မစီးနင်းခင် မွန်းလွဲ၁နာရီကျော်မှာ နေလင်းအောင်က ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ “ထာဝရ”ဖုန်းဆိုင်ကိုလည်း ဆိုင်ကယ်နဲ့သွားပြီးသေနတ်နဲ့ ခြိမ်းခြောက်ဓါးပြတိုက်ခဲ့ပါတယ် ။ဆိုင်က ဖုန်းနဲ့ငွေတွေကို ဓါးပြတိုက်တဲ့အပြင်ဖုန်းဆိုင်ရှင် ကိုပါသေနတ်နဲ့ပစ်သတ်ကာထွက်ပြေးသွားတယ်လို့ အသတ်ခံရသူရဲ့မိသားစုဝင်ကပြောပါတယ် ။သေနတ်နဲ့ပစ်သတ်ခံရတဲ့ဆိုင်ရှင် အမည်မှာကိုအောင်မျိုးသန့်ဖြစ်ပါတယ် ။
“ဖုန်းဆိုင်ကို ဓားပြဝင်တိုက်တယ်။ဖုန်းဆိုင်ပိုင်ရှင်ကိုအောင်မျိုးသန့်ရဲ့ အမျိုးသမီး တစ်ယောက်ထဲရှိနေချိန်သေနတ်နဲ့ချိန်ပြီး ငွေတောင်းတာပါ။အဲဒီအချိန် အစ်ကိုက အမှတ်တမဲ့နဲ့ အခန်းထဲက ထွက်လာတော့ ခေါင်းကိုတည့်တည့်ပစ်သတ်လိုက်တယ်” လို့အသတ်ခံရသူရဲ့ မိသားစုဝင် တဦးကဖေစ်ဘွခ်မှာ ရေးသားထားပါတယ်။
ကိုအောင်မျိုးသန့် သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သူ့ရဲ့ဦးလေဖြစ်သူနဲ့ အမျိုးသား ၂ဦးဟာ ကားနဲ့နောက်ကလိုက်ပြီး ဓါးပြကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ်။
ဓါးပြတိုက် လူသတ်ခဲ့တဲ့ နေလင်းအောင်ဟာ နောက်ထပ်ဆိုင်တစ်ဆိုင်ကိုပါ ဓါးပြထပ်တိုက်နေတာကြောင့် ဓါးပြရဲ့ဆိုင်ကယ်ကို ကားကလိုက်မိခဲ့ပါတယ် ။
“ဓားပြကောင်က နောက်တစ်ဆိုင်ကို ဝင်ဓားပြတိုက်နေတော့ဦးလေးတို့ကမီသွားတယ်ကားနဲ့ ဆိုင်ကယ်ကို တိုက်ပြီးဖမ်းဖို့ကြိုးစားတယ်။ဆိုင်ကယ်ကိုသက်သက်လှဲချပြီးကားကဆိုင်ကယ်ကိုပဲတိုက်မိအောင်လုပ်တယ်။ဆိုင်ကယ်ကိုတိုက်မိပြီးကားက ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နေချိန် ဓားပြကောင်က ဦးလေးတို့ ကားထဲ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ပစ်သွင်းပြီး ကားပေါ်က ဆင်းဖို့ ပြင်နေတဲ့ ဦးလေးကိုခေါင်းတည့်တည့် ပစ်သတ်လိုက်တယ်။ဦးလေးဘေးက အဖော်လိုက်လာတဲ့ ရွာသားကြီးက ဝင်လုံးဖို့ ကြိုးစားတဲ့အခါမှာလည်း အနီးကပ်ပဲ ခေါင်းကို ပစ်သတ်လိုက်တယ်” လို့မိသားစုဝင်က ဖြစ်စဥ်ကိုရေးသားထားပါတယ် ။စတုတ္ထမြောက်ဓါးပြတိုက်တဲ့ဆိုင်မှ ဘာတွေဓါးပြတိုက်သွားတယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
ကားပေါ်မှာကျန်နေတဲ့တယောက်ကိုပါသေနတ်နဲ့ပစ်ခတ်ပေမယ့် ကျည်ကုန်သွားလို့လွတ်ခဲ့တာလို့သိရပါတယ် ။
“နောက်ထပ် အဖော်ပါလာတဲ့ တစ်ယောက်ကတော့ ကားပေါ်ကခုန်ဆင်းထွက်ပြေးတဲ့အချိန် ဓားပြကလိုက်ပစ်ပေမယ့် ကျည်ကုန်သွားလို့ ကျည်ဖြည့်နေချိန်မှာပဲ အသက်ဘေးက သီသီလေး လွတ်သွားခဲ့တယ်” လို့သူကဆက်လက်ရေးပါတယ်။
အဲဒီနောက် လမ်းပေါ်ဖြတ်လာတဲ့ ဆရာမတစ်ယောက်ရဲ့ဆိုင်ကယ်လုယူပြီး ဓားပြက ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။
“အဲ့ဒီဓားပြက ကန်ကောက်ရပ်ကွက်မှာရော ၅၈လမ်းမှာရောတိုက်တဲ့သူပါပဲ။သူစီးလာတဲ့ ဆိုင်ကယ်က ဓားပြမှုတွေအားလုံးမှာ တူနေပါတယ်….ခုထိလွတ်မြောက်နေဆဲပါ”လို့ မိသားစုဝင် ၂ ဦးသေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အထက်ပါအမျိုးသားဆက်လက်ရေးသားထားပါတယ်။ ကျူးလွန်ခံရသူတွေအတွက် သတင်းအမှားတွေ ရေးမတင်ကြဖို့လည်း သူကပြောထားပါတယ် ။
အထက်ပါဖြစ်စဉ်တွေဖြစ်ပြီးတော့မှ နာရီပိုင်းအကြာမှာ စစ်အုပ်စုက ကျူးလွန်သူလို့ယူဆရသူ နေလင်းအောင်အိမ်ကို ဝင်စီးခဲ့ပေမယ့် နေလင်းအောင်ကိုမမိဘဲ မိသားစုဝင် ၃ဦးကိုသာဖမ်းဆီးသွားတယ်လို့ဒေသခံအချို့ကပြောပါတယ်။
နေလင်းအောင်ဆီမှာ သေနတ်နဲ့ လက်ပစ်ဗုံးတွေဘာကြောင့်ရှိနေလဲဆိုတာကို လူထုနွေဦးကစုံစမ်းနေဆဲဖြစ်ပါတယ်။ဒေသခံအချို့ကတော့ ပုသိမ်ကြီးမြို့နယ်ဟာ ပျူစောထီးတွေအများအပြားရှိတဲ့မြို့နယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေးပြိုလဲကာ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒုစရိုက်မှုတွေပိုများနေပါတယ် ။စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြု့မှာ ဓါးပြမှုတွေမကြာခဏဖြစ်ပွားနေပါတယ်။





















































