နိုဝင်ဘာလ – ၆ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲမှာ နှစ်ပတ်ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် နှစ်ဦး သေဆုံးပြီး လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်းနေရပ်စွန့်ခွာကရင်ဒုက္ခသည်များကော်မတီ(CIDKP)က အသိပေးဖော်ပြပါတယ်။
အဲဒီစာရင်းဟာအောက်တိုဘာလ ၂၄ ရက်ကနေ လက်ရှိနိုဝင်ဘာလ ၃ ရက်အထိဖြစ်ပါတယ်။
အောက်တိုဘာလ ၂၄ ရက်မှာ အရပ်သား ရှစ်ဦး ဒဏ်ရာရ သလို နောက်ရက် အောက်တိုဘာလ ၂၅ ရက်မှာ အရပ်သား သုံး ဦးထိခိုက်ပြီး အသက် သုံးနှစ်အရွယ်ကလေးငယ်သေဆုံးခဲ့ရတာပါ။

Public Service Announcement
နိုဝင်ဘာလ ၃ ရက်မှာလည်း ကျောင်းသူ၊ကျောင်းသား ၁၀ ဦး အရပ်သားတစ်ဦး စုစုပေါင်း ၁၁ဦး ဒဏ်ရာရပြီး ကျောင်းသူတစ်ဦး သေဆုံးကာ ကျန်တစ်ဦးကတော့စိုးရိမ်ရတယ်လို့ ပြည်တွင်းနေရပ်စွန့်ခွာကရင်ဒုက္ခသည်များကော်မတီ(CIDKP)က ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ နေရာတွေကတော့ အောက်တိုဘာလ ၂၄ ရက်မှာ လူသောမြို့နယ်ဦ ဘောသေထာအုပ်စု၊ ဘောသေခီးကျေးရွာ ကို တိုက်လေယာဉ်နဲ့ ဗုံး ငါးလုံးကြဲချရာမှာ လူ ရှစ်ဦးဒဏ်ရာရပြီး အိမ်ခြေ ၂၀ ပျက်စီးခဲ့တာလို့ CIDKP က ဖော်ပြပါတယ်။
အောက်တိုဘာလ ၂၅ ရက်မှာ လည်း ဘူးသိုမြို့နယ်၊ ပါဟက်အုပ်စု၊ မယ်နူထာကျေးရွာ ဗုံးကြဲခံရပြီး သုံးနှစ်အရွယ်ကလေးငယ်ဗုံးစ မှန်တာကြောင့် ဆေးရုံကို စက်လှေနဲ့ပို့ဆောင်ချိန်မှာပဲ ဆုံးပါးခဲ့ရတယ်လို့ CIDKP ရဲ့ ဖော်ပြချက်မှာပါရှိပါတယ်။
ရက်ပိုင်းအကြာ အောက်တိုဘာလ ၂၇ ရက် ညသန်းခေါင်ယံမှာ ဘူးသိုမြို့နယ်၊ ပါဟက်အုပ်စု၊ ရာထာကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ရှစ်လုံးပျက်စီးခဲ့ရသလို အောက်တိုဘာလ ၃၁ ရက် မှာတော့ သော်လယ်ထာရွာ ဗုံးကြဲခံရပြီး အရပ်သားတစ်ဦး ထိခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲမှုမှာတော့ သံလွင်မြစ်တဖက်ခြမ်း မှာရှိတဲ့ ထိုင်းဘက်က အဆောက်အဦးအချို့မှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တယ်ဆိုတာကို ထိုင်းသတင်းမီဒီယာတွေကတစ်ဆင့် သိရှိခဲ့ရတယ်လို့ CIDKP က အသိပေးထားပါတယ်။
လက်ရှိနိုဝင်ဘာလဆန်းပိုင်း ၃ ရက်ကလည်း လူသောမြို့နယ်၊ ပီကင်းဒဲကျေးရွာအုပ်စု ဗုံးကြဲခံရပြီး စာသင်ကျောင်းတွေ၊ ကျမ်းစာသင်ကျောင်းအဆောက်အဦး အပါအဝင် စုစုပေါင်း ၂၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ CIDKP က ပြောပါတယ်။
အဲဲဒီဖြစ်စဉ်မှာ ခရစ်ယာန် ကျမ်းစာသင်ကျောင်းရဲ့ ကျောင်းသူ၊ကျောင်းသား ၁၀ ဦး အရပ်သားတစ်ဦး စုစုပေါင်း ၁၁ဦး ဒဏ်ရာရပြီး ဒဏ်ရာစိုးရိမ်ရတဲ့ ကျောင်းသူနှစ်ဦးကိုဆေးရုံပို့ချိန် လမ်းမှာတစ်ဦး ဆုံးပါးခဲ့ရတယ်လို့သိရပါတယ်။
ကျန်တစ်ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ CIDKP အသိပေးထားပါတယ်။





















































