နိုဝင်ဘာ-၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
တနင်္သာရီတိုင်းကနေ ဧရာဝတီတိုင်းကို ရေကြောင်းကနေပို့ဆောင်စဉ် ပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေနဲ့ သစ်တင်လာတဲ့ သင်္ဘာကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က သက်သေဖျောက်လိုက်တယ်လို့ People’s Springက စုံစမ်းသိရှိရပါတယ်။
မှောင်ခိုသယ်သူတွေက “ခိုင်ခိုင်မိုး – ၉” ပင်လယ်ကူးငါးဖမ်းသင်္ဘောနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ကော့သောင်းဆိပ်ကမ်းကနေထွက်လာစဉ် ဧရာဝတီတိုင်း၊ လပွတ္တာပင်လယ်ပိုင်နက်မှာ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းမိတာလို့ ဆိုပါတယ်။ ဘိုကလေးဆိပ်ကမ်းကို ဆွဲယူစစ်ဆေးစဉ် သင်္ဘောပေါ်မှာ မှာ မူးယစ်ဆေးဝါးတွေ၊ အက်စစ်ပုံးတွေ၊ သစ်တွေနဲ့ ကားတာရာတွေအပြည့်ပါလာတာတွေ့ရတယ်လို့ ဘိုကလေးမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
” အချင်းချင်း အချိတ်အဆက်လွဲပြီး ဖမ်းမိတာ။ သယ်လာတဲ့သူတွေက ကျနော်တို့မြို့က မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေရယ် စစ်တပ်ရယ်ကို ချိတ်ထားတာ။ ဖမ်းမိပြီးမှ သတင်းကို လိုက်ဖုံးနေတယ်။ တရားခံတွေလည်း လူချိန်းထားတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်မှာ အောက်ခြေပိုင်းက စစ်တပ်လက်အောက်ခံ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်ဝင်းလှိုင်၊ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်မောင်တင် နဲ့ ဇော်ဝင်းလှိုင်ရဲ့ လက်ထောက်၊ ထွေအုပ်စာရေး ရဲသွေးနောင်တို့ အဓိကပါဝင်ပတ်သက်နေတယ်လို့ ၎င်းကပြောပါတယ်။
ဇော်ဝင်းလှိုင်က ဘိုကလေးမြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ တာဝန်လည်းယူထားပါတယ်။
” စစ်တပ်ရော တိုင်းအစိုးရရော အဓိကပါတယ်။ ဖမ်းမိတဲ့နောက်ပိုင်း သူတို့ချင်း တံခါးပိတ် ဆွေးနွေးတယ်။ ၄ရက် အကြာမှာ တရားခံတွေ လွှတ်ပေးလိုက်တယ်။ လူချိန်းတယ်။ ပစ္စည်းတွေ ဖျောက်ဖျက်လိုက်တယ်။ ပမာဏ အရမ်းများတယ်”လို့ ရေကြောင်းကုန်သွယ်ရေးလုပ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ကို ဖုံးဖိမရတဲ့နောက်ပိုင်းမှာ ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့နဲ့ စစ်တပ်ဆွေးနွေးပြီး သတင်းထုတ်ပြန်လာတယ်လို့ သိရပါတယ်။သင်္ဘောကို အောက်တိုဘာ ၃၁ ရက်က ဖမ်းမိပေမယ့် ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က နိုဝင်ဘာလ ၆ရက်မှာ ပထမဆုံးသတင်းထုတ်ပြန်လာတာပါ။ သတင်းမထုတ်ပြန်ခင်မှာ သက်သေတွေအကုန်လုံးကို ဘိုကလေးဆိပ်ကမ်းမှာ သင်္ဘောချင်းချိန်းလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နိုဝင်ဘာ (၁)ရက်နေ့က ခိုင်ခိုင်မိုး-၉ ကမ်းရိုးတမ်းသွားရေယာဉ်နဲ့တင်ဆောင်လာတဲ့ တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဖမ်းမိတဲ့ပစ္စည်းစာရင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ သစ်တွေမပါတော့ပါဘူး။
လျှပ်စစ်လူသုံးကုန်ပစ္စည်းတွေ၊ ဆပ်ပြာပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုကုန်ကြမ်းတွေနဲ့ လယ်ထွန်စက်တာယာဘီးတွေ စုစုပေါင်း(၂၀)မျိုးနဲ့အတူ သယ်ဆောင်လာတဲ့ ရေယာဉ် ၁စီးအပါအဝင် ခန့်မှန်းတန်ဖိုး စုစုပေါင်း သိန်း ၇၀၀၀ ကျော်( ၇၇၁၈.၄သိန်း)သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တရားမဝင်ကုန်သွယ်မှုမှာပါဝင်တဲ့ တရားခံ (၁၂)ဦးကိုလည်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ၁၂ဦးဟာ သင်္ဘောလုပ်သားတွေဖြစ်ပြီး အဓိကတရားခံတွေမပါဘူးလို့ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတို့က ပြောပါတယ်။
မူးယစ်ဆေးကုန်ကူးသူတွေဟာ ပင်လယ်ရေကြောင်းကနေတဆင့် တန်ချီတဲ့ စိတ်ကြွဆေးတွေနဲ့ဘိန်းဖြူတွေ ပို့ဆောင်လေ့ရှိပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ စစ်အုပ်စုပါဝင်ပတ်သက်နေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။
လက်ရှိ ဧရာဝတီတိုင်းမှာ တိုင်းဝန်ကြီးချုပ်အဖြစ် အေးကျော်၊ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမင်းဦးတို့က တာဝန်ယူထားပြီး ဒေသတွင်း ကုန်းလမ်းနဲ့ ရေလမ်းကုန်သွယ်ရေးတွေမှာ သိန်းထောင်ချီပြီး အဂတိလိုက်စားမှုရှိနေတယ်လို့ ဒေသခံကုန်သည်ချို့က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှုနဲ့စိတ်ကြွဆေးပြားထုတ်လုပ်တင်ပို့မှုမှာ ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ မူးယစ်ဆေးနဲ့ကျားဖြန့် ငွေလိမ်လုပ်ငန်းလို့ ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မကြာခဏစွပ်စွဲလေ့ရှိပါတယ်။ ဒါပေမယ့် စစ်ကြွဆေးပြားသန်းနဲ့ချီပြီးဖမ်းမိတဲ့မူးယစ်ဆေးဝါးအမှုအချို့မှာ စစ်ကောင်ရှိအရာရှိတွေ ပါဝင်ပတ်သက်နေတာကို သတင်းထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။





















































