နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာန (HRD)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ အွန်လိုင်းက တဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး မှတ်တမ်းကောက်ယူနေတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို နိုင်ငံခြားရေး ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင် တက်ရောက်ခဲ့သလို ဦးစီးဌာန တာဝန်ခံ ကိုမာဘယ်လ်၊ သုသေသနဌာနခွဲ တာဝန်ခံ ဒေါက်တာဟေဇယ် တို့က ဌာနရဲ့ မဟာဗျူဟာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ တနိုင်ငံလုံးအတိုင်းအတာ အချက်အလက် ကောက်ယူသိမ်းဆည်းတာ တွေအကြောင်း ရှင်းပြခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဌာနခွဲ တာဝန်ခံကလည်း International Advocacy & Human Rights Information Sharing Framework ဆိုင်ရာ ကိစ္စရပ်များ နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် သံတမန်ရေးရာ ချန်နယ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများသို့ အချက်အလက်များ ပံ့ပိုးပေးနေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကလည်း စစ်ရာဇဝတ်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးရေး သင်တန်းများ ပံ့ပိုးရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး (ESCR) ချိုးဖောက်မှုများကိုပါ ပိုမိုလွှမ်းခြုံ မှတ်တမ်းတင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနအနေနဲ့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လိုတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံမှုတွေ ဆက်လုပ်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနဟာ နိုဝင်ဘာပထမပတ်အတွင်းမှာပဲ ဂျန်ဒါ၊ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြေပြင်အချက်အလက် မှတ်တမ်းယူခြင်း၊ အသိပညာပေးခြင်း၊ ပဋိပက္ခကာလအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သင်တန်းများနဲ့ နည်းပညာပိုင်း ပံ့ပိုးနိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အရင်က NUG အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့ ဝန်ကြီးဌာနတခု ဖွဲ့စည်းထားရှိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ၂၀၂၆ အောက်တိုဘာလဆန်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနတခုကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာဖွဲ့စည်းခဲ့တာပါ။
အဲဒီလို ဖွဲ့စည်းတာဟာ လွတ်လပ်တဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် မပေါ်ပေါက်မီ ကြားကာလအတွင်း လူ့အခွင့်အရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာအဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖော်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့လည်း အသိပေးထားပါတယ်။





















































