နိုဝင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့အတွက်၊ လူမျိုးအတွက်၊ အနာဂတ်အတွက် အလုပ်လုပ်ကြရမှာဖြစ်ပြီး တာဝန်၀တ္တရားတွေကို တန်ဖိုးထားရင် အောင်မြင်မှုသေချာပေါက်ရမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောပါတယ်။
အောက်တိုဘာအတွင်းက ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ် ၂၈ မြို့နယ်က အုပ်ချုပ်ရေးခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ပြောကြားခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ကရင်ဘာသာနဲ့ ပြောကြားခဲ့တာကိုလည်း ဘာသာပြန်ဖော်ပြထားပါတယ်။
“ ငါ့မြို့နယ် ငါ့ခရိုင် မဟုတ်ဘူး ငါတို့ရဲ့ မြို့နယ် ငါတို့ရဲ့ ခရိုင် ငါတို့ရဲ့ ပြည်သူတွေဖြစ်တယ်။ ငါတို့ လုပ်နေတဲ့အရာတွေက မင်းအတွက် ငါ့အတွက် ငါတို့အတွက် မဟုတ်ဘူး။ ပြည်သူ အတွက်၊ လူမျိုးအတွက် အနာဂတ်အတွက်ဖြစ်တယ်။ ကဏ္ဍအလိုက် ငါတို့ တာဝန်ကိုယ်စီရှိကြတယ်။ ငါတို့က လူထုရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ရဲ့ တာဝန်၀တ္တရားကို တန်ဖိုးထားပါ။ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ ကိုယ့်ရဲ့ တာဝန်တန်ဖိုးထားမယ်ဆိုရင် အောင်မြင်မှုက သေချာပေါက်ရမှာပဲ” လို့ ကိုယ့်တာဝန်ကို ချစ်ရင် ကိုယ့်တာဝန်ကို တန်ဖိုးထားရမယ်လို့လည်း KNLA စစ်ဦးစီးချုပ်က ပြောပါတယ်။

Public Service Announcement
“မလုပ်တက် မကိုင်တက်တာကို အားမငယ်နဲ့ ။အလုပ်တွေ တာဝန်တွေ အတွေ့အကြုံတွေကနေ တည်ဆောက်သွားရမယ်။အောင်မြင်မှုလမ်းကြောင်းက ရှိတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ့ကနေပဲ သင်ယူသွားရမယ်” လို့ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက KNU ခရိုင်/မြို့နယ်အသီးသီးက ခေါင်းဆောင်တွေကို မှာကြားခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်းရှိ ခရိုင် (၇) ခရိုင်က မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KNU ဗဟိုမှာ အောက်တိုဘာ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ၅ရက်ကြာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေး၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးများ စွမ်းဆောင်ရည်မြင့်တင်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ စုံညီအစည်းအဝေးကို KNU မြို့နယ် (၂၈) မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့သလို အဖွဲ့ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ဗဟို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ အစည်းအဝေးမှာ အောက်ခြေမှအထက်သို့ (Bottom-up) အဆင့်ဆင့် တည်ဆောက်ရေး ချဉ်းကပ်မှုအပေါ် အခြေခံ၍ အခြေခံအုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်တကျ ခိုင်မာအားကောင်းရေးတို့ကို တစ်ပြိုင် တည်း အလေးထား ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
KNU မြို့နယ်ခေါင်းဆောင်တွေရဲ့ မျက်နှာ စုံညီအစည်းအဝေးကို ၂၀၂၄ က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင် (၇)ခရိုင် မှ မြိုနယ် (၂၈) မြိုနယ်အတွင်း အုပ်ချုပ်ရေး နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍတွေမှာ ဦးဆောင်စီမံနေသူတွေအကြား ချိတ်ဆက်မှုအားကောင်းပြီး ပူးပေါင်းညှိနှိင်း ဆောင်ရွက်မှုများ မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့လည်း KNUက ထုတ်ပြန်ထားပါတယ်။





















































